ဇာတ်ပို့ သရုပ်ဆောင် တယောက် ဖြစ်တဲ့ သရုပ်ဆောင် မေပန်းချီကတော့ တချို့သော ဇာတ်ကားများမှာ နာမည် ပါဝင်ခြင်း မရှိပေမယ့် ဇာတ်ကားကြည့်ပြီးလို့ ပရိသတ်က သရုပ်ဆောင် ကောင်းတယ်ပြောရင် ကျေနပ်နေရတယ်လို့ ပြောပါတယ်။
“အရင်ကတော့ ခံစားတယ်။ အခုတော့ မခံစားတော့ဘူး။ ကိုယ်နာမည် မထိုးခံရဘဲနဲ့ ကားလေး ထွက်လာရင်တောင် မေပန်းချီက ခွီနေရတယ်၊ ရယ်နေရတယ်၊ အိုက်တင် ကောင်းတယ်ဆိုရင် ကျေနပ်သွားတာပဲ။ တခါတလေကျရင်လည်း ပိုစတာမှာပါတဲ့ နာမည်ကို စုံအောင် မဖတ်တဲ့သူတွေလည်း အများကြီးပါပဲ”
“အရင်တုန်းကဆို ကိုယ့်နာမည် မပါရင် ခံစားရတာပေါ့။ အခုနောက်ပိုင်းကျတော့ ကိုယ်လုပ်ရတဲ့ ဇာတ်ဝင်ခန်းက ကောင်းနေရင် လက်ခံတာပဲ။ ခံစား မနေတော့ပါဘူး”လို့ မေပန်းချီက ပြောပါတယ်။
မကြာခင်မှာ ရုံတင်မယ့် “ဂျင်ပါတီ” ရုပ်ရှင်ကားထဲမှာလည်း မေပန်းချီက ဧည့်သည် သရုပ်ဆောင်တယောက်အနေနဲ့ ပါဝင်ထားတယ်လို့ သိရပါတယ်။
“ဒီကားထဲမှာ အခန်းတော့ အများကြီး မပါဘူး။ ကိုရာဇဝင်ကိုက စချိတ်တဲ့ အချိန်မှာ ညီမလေး Scene တော့ အများကြီး မပါဘူး။ ဒါပေမဲ့ မင်းသား ၄ လက်လောက်နဲ့ တွဲပြီးတော့ကို ဂယက်တွေ ရိုက်ရမှာ။ ညီမလေး ရိုက်ရတဲ့ Scene တွေက နည်းပေမယ့် ထိရောက်တယ်တဲ့။ အဲဒါကြောင့် ဒါဆိုရင် ပန်းချီ့ကို ဧည့်သည်သရုပ်ဆောင်လို့ ထိုးပေးဆိုတော့ ထိုးပေးမယ် ဆိုတာနဲ့ ရိုက်ဖြစ်ခဲ့တယ်”လို့ မေပန်းချီက ပြောပါတယ်။
ပါဝင်ရတဲ့ ဇာတ်ဝင်ခန်း နည်းပါးပေမယ့် လုပ်ရတဲ့ ဇာတ်ဝင်ခန်းကတော့ ထိရောက်မှု ရှိတဲ့အတွက် ကျေနပ်ပြီး ဒါရိုက်တာကလည်း ဇာတ်ကားမှာ နာမည် ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။
“Scene နည်းတယ်။ ဒီထဲမှာဆိုရင်လည်း နာမည်ကြီးတဲ့ ညီမလေး ရွှေအိမ်စည်၊ Bella၊ မအူဝဲတို့ပါတော့ မင်းသမီးက အရမ်းများတယ်။ ကိုယ်လုပ်ခဲ့ရတဲ့ Scene ကလည်း ထိထိရောက်ရောက် ရှိတယ်။ နာမည်လေးတော့ ပါချင်တာပေါ့။ ဇာတ်ကား နမူနာ မထွက်ခင် ပုံထွက်လာတုန်းက နာမည် ပါမလာဘူး။ နည်းနည်းတော့ ဝမ်းနည်းသွားတယ်။ Official ထွက်လာတော့ ပါပါတယ်”လို့ မေပန်းချီက ပြောပါတယ်။
“ဂျင်ပါတီ” ထဲမှာတော့ မေပန်းချီက ရဲရင့်အောင်နဲ့ ခင်လှိုင်တို့ကို ချီရတဲ့အခန်းတွေ ပါပြီး ခင်လှိုင်ကိုတော့ ကုန်းပိုးပြီး ချီရတဲ့ ဇာတ်ကားတွေ တော်တော်များပြီလို့ ပြောပါတယ်။
“ပန်းချီက ဗလကြီးတော့ ကိုရဲရင့်အောင်ကိုလည်း ချီရတယ်။ ဦးခင်လှိုင်ကိုလည်း ချီရတယ်။ အဲဒါနဲ့ ကိုရာဇဝင်က ပန်းချီ့ကို သူ့တို့ကို ချီခိုင်းဖို့ ငှားတာလား ပြန်မေးရတယ်။ တကားလုံး သူတို့ကို ချီရတာပဲ။ နိုင်တယ်။ ဦးခင်လှိုင်ကို ချီကုန်းပိုးတာ ရောချီတာရော ဒီကားနဲ့ဆို တော်တော် များနေပြီ” လို့ မေပန်းချီက ပြောပါတယ်။
မေပန်းချီကတော့ လက်ရှိမှာ ကားရိုက်များ ကျဲပါးနေပေမယ့် ပရိသတ်က မမေ့မလျော့ဘဲ ချစ်ခင်ပေးကြတဲ့အတွက် ကျေးဇူးတင်ရှိပြီး မကြာသေးခင်ရက်ပိုင်းက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပညာရေးနဲ့ ပတ်သက်ပြီး တိုက်ခိုက်ကြတဲ့သူများကို ပြန်လည် ပြောဆိုထားတာ တွေ့ရပါတယ်။
“ပန်းချီဆိုရင် အသက် ၁၆ နှစ်၊ ၁၇ နှစ်လောက်ကတည်းက တအိမ်လုံး မိဘကို လုပ်ကျွေးခဲ့ရတယ်။ အရမ်း ပင်ပန်းခဲ့ရတယ်။ ကိုယ်လိုချင်တဲ့ ပညာရေး အတိုင်းအတာ၊ လိုချင်တဲ့ အနေအထားထိ မရောက်ခဲ့ရဘူး။ တခါတလေကျရင် ပညာရေးနဲ့ ပတ်သက်ပြီး တိုက်ခိုက်တဲ့သူတွေ အမျိုးမျိုးရှိတယ်။ ဒါပေမဲ့ တိုက်ခိုက်တဲ့သူတွေ ကြည့်လိုက်ရင် မိသားစုကို အကျိုးပြုတဲ့သူမျိုး မဟုတ်ဘူး”လို့ မေပန်းချီက ပြောပါတယ်။
ပညာရေးနဲ့ ဆုံးဖြတ်လို့ မရတဲ့အရာတွေ အများကြီးရှိပြီး မေပန်းချီ အနေနဲ့ သူ့လို မိဘအပေါ်ကို အကျိုးပြုနေတဲ့ မိန်းကလေးတွေ အများကြီးရှိတဲ့အကြောင်းကို သိစေချင်တဲ့အတွက် ရေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“တချို့အရာတွေက ပညာရေးနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတာကို ပြောချင်တာ။ ကိုယ့်ရှိတဲ့ ပတ်ဝန်းကျင်မှာလည်း ပညာဂုဏ် မောက်ပြီးတော့ မိဘအတွက် ဘာမှ မလုပ်ပေးနိုင်တဲ့သူတွေလည်း အများကြီးပဲ။ ထင်သလောက် ဖြစ်မလာပေမယ့် ပန်းချီတို့လို မိဘအပေါ်ကို ကောင်းကျိုးပြုနေတဲ့ မိန်းကလေးတွေလည်း အများကြီးပဲ။ အဲဒါကို သိစေချင်တာပါ” လို့ မေပန်းချီက ပြောပါတယ်။
အခုအချိန်မှာတော့ ပိုက်ဆံက အရေးကြီးပြီး ယခင်က စီးပွားရေး အခြေအနေကြောင့် ရောက်နေတဲ့ အနေအထားတခုထိ မရောက်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
မေပန်းချီ ကတော့ အနုပညာအလုပ်များ ကျဲပါးနေသော်လည်း ကျရာ ဇာတ်ရုပ်ကိုတော့ လက်ခံ ရိုက်ကူးပြီး ကိုယ်ပိုင်စီးပွားရေးအနေနဲ့ “KATE Amazing” ဆိုတဲ့ ဖက်ရှင်ဆိုင် ဖွင့်ထားပါတယ်။
You may also like these stories:
ဗီဒီယိုဈေးကွက် လျော့နည်းသွားတာကြောင့် စိတ်ဓာတ်ကျနေတဲ့ မေပန်းချီ
ဗီလိန်ဇာတ်ရုပ်ကို အားပေးလို့ အားရှိတယ် ဆိုတဲ့ “မေပန်းချီ”
“ဝေဖန်ဖို့အတွက် အကြောင်းအရာတခုကို သေချာသိဖို့လိုပါတယ်”