ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးပြီး နိုင်ငံကျော် Makeup Artist ၄ ယောက် ပါဝင်ထားတဲ့ “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ မိတ်ကပ် ခင်စန်းဝင်းက အခုလိုပဲ ပြောပါတယ်။
“မကြီးတို့ ဇာတ်ကားလေးကို ကြည့်ပြီး အားလုံးကို ပျော်သွားစေချင်တယ်။ ကားထဲမှာလည်း လှကြတယ်။ ဇာတ်ကားကတော့ ပညာပေးတို့၊ အကျိုးရှိမယ်တော့ မဟုတ်ဘူးပေါ့။ ရယ်ချင်တယ်။ ခဏတာ စိတ်အပန်းပြေချင်ရင် ဒီကားလေးကြည့်ပါလို့တော့ ပြောချင်တယ်”
“ဝေဖန်တဲ့သူကတော့ ဝေဖန်မှာပဲ။ သူတို့ အလုပ်သူတို့ လုပ်မှာပဲ။ မကြီးတို့ကလည်း ကိုယ့်အလုပ် ကိုယ်လုပ်နေတာပဲ။ အားပေးတဲ့သူ ရှိသလို အားမပေးတဲ့သူလည်း ရှိနိုင်တာပဲ။ ကြိုက်တဲ့သူရှိသလို ရှုတ်ချတဲ့သူလည်းရှိမှာပဲ။ နာမည်ကြီး မင်းသား၊ မင်းသမီးတွေကိုတောင် ရှုတ်ချတဲ့သူတွေရှိတာပဲ မကြီးတို့က ဘာမှ မဟုတ်သေးပါဘူး”လို့ မိတ်ကပ် ခင်စန်းဝင်းက ပြောပါတယ်။
ဒီဇာတ်ကားက LGBT (Lesbian, Gay, Bisexual, Transgender) တွေကို ထိခိုက်တာမျိုး၊ ဝေဖန် ရှုတ်ချတာမျိုး မဟုတ်ဘဲ အားလုံး ကြည့်လို့ရတဲ့ ဇာတ်ကားတကားလို့ ခင်စန်းဝင်းက ဆိုပါတယ်။
“မကြီးက ကျတော့ မိန်းမလျာတွေကို ဝေဖန် ရှုတ်ချတာမျိုးကို မကြိုက်ဘူး။ အားမပေးရင် နေပါစေ။ သူတို့ ဘဝလေးနဲ့သူတို့ လွတ်လွတ်လပ်လပ်လေးနဲ့ပျော်ရွှင်အောင် ရှင်သန်လှုပ်ရှားနေပါစေ။ သွားပြီးတော့ ရန်ပြုတာမျိုး၊ နှောင့်ယှက်တာမျိုး၊ ဝေဖန် တိုက်ခိုက်တာမျိုး မလုပ်စေချင်ဘူး။ မကြီးတို့ ကိုယ်တိုင်လည်း ဒီလောကသားပဲဆိုတော့ မဖြစ်စေချင်ဘူးပေါ့နော်”
“ဒီဇာတ်ကားက မိန်းမလျာတွေ ပါတယ်ဆိုပေမယ့် LGBT တွေကို ထိခိုက်တာမျိုး၊ ဝေဖန် ရှုတ်ချတာမျိုး မဟုတ်ဘဲ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်လို့ရမယ့် ဇာတ်ကားကောင်း တကားဖြစ်လို့ မကြီးတို့ လက်ခံရိုက်ကူးခဲ့တာပါ။ အဓိကကတော့ ပရိသတ်တွေရဲ့ဘဝအမောတွေကို ပြေစေချင်တဲ့ ဆန္ဒလည်း ပါပါတယ်”လို့ ခင်စန်းဝင်းက ပြောပါတယ်။
ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အမှတ်တရတွေ အကြောင်းနဲ့ သူပါဝင်ရတဲ့ ကာရိုက်တာကိုလည်း ခင်စန်းဝင်းက အခုလိုပဲ ပြောပါတယ်။
“ကျားကျားကြိုက်ကြိုက် ဇာတ်ကားမှာ အမှတ်တရကတော့ အိပ်ရေး ဝတယ်။ ဘာလို့လဲဆို မင်းသား မလာမချင်း စောင့်လို့။ နောက်တခုက ပဲခူးရိုးမတောထဲမှာ ရိုက်ရတာ။ မနက် ၆ နာရီလောက်ကတည်းက ရိုက်ရတယ်။ အဲဒါတွေကတော့ အမှတ်တရပါပဲ။ ဇာတ်ကားထဲမှာ မကြီးရယ်၊ လင်းလင်းရယ်၊ သုသုရယ်က သုံးယောက် ပေါင်းခရီးထွက်ပြီး ငပလီမှာ အကဲဖြတ်ဒိုင်လုပ်ဖို့ သွားတာပေါ့”
“ကားပေါ် မင်းသားနှစ်ယောက် တက်လာတော့ ငမ်းတာပေါ့။ အပြင်မှာတော့ အဲ့လို မဟုတ်ပါဘူး။ မကြီးက အပြင်မှာ အိန္ဒြေရတယ်။ မကြီးရဲ့ သရုပ်ဆောင်မှုကို လုံးဝ ကျေနပ်မှု မရှိဘူး။ ဒီဇာတ်ကားမှာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ ကိုယ်လုပ်နေကျ ကာရိုက်တာမျိုး မဟုတ်တဲ့အတွက် ဒရာမာကားသာ ရိုက်ရင် မကြီး ဒီထက် အိုက်တင် ပိုကောင်းနိုင်တယ်။ မလုပ်ဖူးတဲ့ ကာရိုက်တာကိုတော့ လုပ်ဖူးသွားတာပေါ့။ ဒီထက်ပိုပြီး လုပ်သင်တယ်လို့တော့ ခံစားရတာပေါ့”လို့ ခင်စန်းဝင်းက ပြောပါတယ်။
မိတ်ကပ် ခင်စန်းဝင်းကတော့ မိတ်ကပ်လောကမှာ ရပ်တည်နေတာ ၂၅ နှစ်ကျော် နေပြီဖြစ်ပြီး “မကြီးစန်းနှင့် သူ၏ချစ်သူများ” ၊ “တနေ့မှာ မောင့်ကို ဒီအကြောင်းတွေ ပြောပြရဦးမယ်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားများ ထွက်ရှိထားပါတယ်။ ခင်စန်းဝင်း ပါဝင်ထားတဲ့ “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ကိုတော့ သြဂုတ်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
You may also like these stories:
အရင်ခေတ်က မိန်းမလျာများရဲ့ ဘဝကို ပြောပြတဲ့ မိတ်ကပ် ခင်စန်းဝင်း
ဘဝတူ သက်ကြီး ပုဂ္ဂိုလ်များကို ကန်တော့ခဲ့ကြတဲ့ အလှဖန်တီးရှင်များရဲ့ ပီတိစကား
“မိန်းမလျာတွေကို အရင်လို မဟုတ်ဘဲ ချစ်ခင်တဲ့စိတ်နဲ့ ကြည့်လာကြတယ်”လို ခင်စန်းဝင်း ပြော
“လျှပ်ပေါ်လော်လီ သိပ်မနေတဲ့သူဆိုတော့ ဟာသတွေ လုပ်ခိုင်းမှာတော့ စိုးရိမ်တယ်”