လက်ရှိအချိန်မှာ အောင်မြင်ကျော်ကြားနေတဲ့ တေးသီချင်းပေါင်းများစွာ ရေးသားနိုင်တဲ့ တေးရေးဆရာဝေကြီးက သားအတွက်ရေးထားတဲ့သီချင်းတပုဒ် အွန်လိုင်းကနေဖြန့်ဖို့ရှိနေပြီး အသည်းကွဲသီချင်းတွေ အပ်ကြကြောင့် ချစ်ကြကြိုက်ကြတဲ့ သီချင်းတွေ သိပ်ရေးလို့မရတော့ဘူးလို့ ဆိုပါတယ်။
“သီချင်းတွေ အမြူးတွေရော၊ အဆွေးတွေရော ပုံစံစုံ အပ်ထားတဲ့ သီချင်းတွေ ရေးပေးဖြစ်နေတယ်။ ကျနော့်ကို အသည်းကွဲသီချင်းတွေနဲ့ သိကြတယ်။ အလွမ်းအဆွေး များတယ်လို့ ပြောရမှာပဲ။ အဲဒီဘက်ကို အားသန်တယ်။ ဒါပေမဲ့ ပုံစံပြောင်းဖို့တော့ ကြိုးစားနေပါတယ်။ အပ်ကြတာလည်း အသည်းကွဲသီချင်းတွေ အပ်ကြတော့ ချစ်ကြ ကြိုက်ကြတဲ့ သီချင်းတွေ သိပ်ရေးလို့မရတော့ဘူး။ အသည်းပဲ ကွဲချင်နေတယ်”
“သားအတွက် ရေးထားတဲ့ သီချင်းတပုဒ်တော့ ရှိတယ်။ သားအတွက် သီချင်းလေး သေချာဆိုပြီး အွန်လိုင်းက ဖြန့်သွားမယ်။ သီချင်းတွေကို ပရိသတ်တွေက ကြိုက်ကြတော့ အတတ်နိုင်ဆုံး မထပ်အောင် အသစ်တော့ လုပ်ချင်တယ်။ ကြိုးလည်း ကြိုးစားနေတယ်။ အမြန်ဘက်ကို ပြောင်းရေးဖြစ်နေတယ်။ မနှေးမမြန်ဘက်တွေ ရေးဖြစ်တယ်။ တချို့အဆိုတော်တွေက သူတို့ လိုချင်တဲ့ ပုံစံအပ်ရင် အဲဒီ ပုံစံဝင်အောင် ရေးပေးဖြစ်တယ်”လို့ တေးရေး ဝေကြီးက ပြောပါတယ်။
ခွန်းဆင့်နေခြည်နဲ့ သီချင်းကိစ္စ နားလည်မှု လွဲခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း တေးရေး ဝေကြီးက အထင်အမြင် လွဲသွားတာဖြစ်ပေမယ့် အဆင်ပြေတယ်လို့ ဆိုပါတယ်။
“မခွန်းဆင့်နဲ့ကလည်း ကျနော်တို့ အနုပညာ ညီအစ်ကို မောင်နှမတွေပဲလေ။ ဒီလိုပဲ သီချင်းပေးတာက မြန်မာနိုင်ငံမှာက သိတဲ့အတိုင်းပဲ တေးရေးဆရာ အင်အား နည်းတယ်၊ အဆိုတော်အင်အားက များတယ်။ ဒါပေမဲ့ အချင်းချင်း ညှိယူလိုက်တာပါပဲ။ မခွန်းဆင့်ကလည်း အမေရိကား မပြန်ခင် လိုချင်တယ်။ ကျနော်ကလည်း ဒီဘက်မှာ သီချင်းရေးလို့ မရတဲ့ အခက်အခဲတွေ ရှိတယ်။ စိတ်အရမ်း ပင်ပန်းတဲ့နေ့တွေ ရှိတယ်”
“အနားယူတဲ့အချိန် ဖုန်းပိတ်ထားတာတွေ ရှိမယ်။ အဲ့ကြားလေးထဲမှာ အထင်အမြင်လွဲသွားတာ။ ဒါပေမဲ့ အေးဆေးပဲ။ အစ်မနဲ့လည်း ဘာမှမဖြစ်ဘူး အဆင်ပြေပါတယ်။ အခုလည်း အစ်မကို သီချင်းပြထားပါတယ်။ သူဆိုဖို့ အဆင်ပြေ၊ မပြေတော့ ညှိနေတယ်။ ကျနော်ဆိုမယ့် အခွေတော့ လုပ်နေတယ်။ တပုဒ်ချင်းကတော့ တင်ချင်တယ်။ ထွက်ချင်တာတော့ ဒီနှစ်အကုန်လောက် ထွက်ချင်တယ်”လို့ ဝေကြီးက ပြောပါတယ်။
တေးရေးဝေကြီးက ၂၀၁၉ ခုနှစ်အတွင်းမှာ ပရိသတ်ကြိုက်မယ့် သီချင်းတွေ ဆက်ရေးသွားဖို့ ရှိနေပြီး လက်ရှိချိန်မှာတော့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားကာ City FM နဲ့ Shwe FM ကပေးတဲ့ “အကျော်ကြားဆုံး တေးရေးဆု” ရရှိထားသူလည်း ဖြစ်ပါတယ်။
You may also like these stories:
“လူနည်းနည်း သိလာရင် သီချင်းရေးရတာ အန္တရာယ်များပြီး တာဝန်ပိုရှိလာတယ်”
ပရိသတ်ရင်ထဲရောက်တဲ့သီချင်းတွေ ဖန်တီးနိုင်တဲ့ တေးရေးဝေကြီး
“ဆေး” သီချင်းကို လွတ်လွတ်လပ်လပ်တွေးပြီး ပုံဖော်ဖန်တီးခဲ့သူ တေးရေး ဝေကြီး