“ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ရိုက်တုန်းက အမှတ်တရတွေ ရှိခဲ့သလို ကြည့်တဲ့ ပရိသတ်တိုင်း ပျော်ရွှင်ရအောင် သရုပ်ဆောင်မှုတွေကို အကောင်းဆုံး ကြိုးစားထားတယ်လို့ မိတ်ကပ် လင်းလင်းက ပြောပါတယ်။
“ကျားကျားကြိုက်ကြိုက်ကားလေး အခုရုံတင်ရပြီဆိုတော့ အရမ်းဝမ်းသာပါတယ်။ ကျားကျားကြိုက်ကြိုက်ကားထဲမှာ ဇာတ်ဝင်ခန်းတွေ အားလုံး မျှတယ်။ ဒီကားမှာ ကိုရွှေမန်းတို့၊ ကိုပြည်ဟိန်းသီဟတို့က သေချာလေး လုပ်ပေးထားတယ်။ သူ့ကို သာစေ၊ ကိုယ့်ကို နာစေ မလုပ်ထားတဲ့အခါကျတော့ အရမ်းပျော်ဖို့ ကောင်းပါတယ်။ လင်း ကာရိုက်တာလေးက အသွက်၊ အပြင်မှာလည်း ပေါ့ပေါ့ပါးပါးနေရတာ ကြိုက်တယ်။ ကားထဲမှာလည်း မိတ်ကပ်လည်း ပါးပါးလေးပဲ လိမ်းထားတယ်”
“ဘီကီနီ ဝတ်လိုက်တယ်၊ ဆင်ဆာ မကျမှာစိုးလို့ အပေါ်က ဇာပါးလေး ထပ်လိုက်တယ်။ လင်းဇာတ်ကားထဲမှာ သူတို့ကို တကယ် ထိုးလိုက်တာ။ တကယ်ထိုး လိုက်ပါဆိုတဲ့ အချိန်မှာ ထိုးလိုက်တယ်။ ပါးလည်း တကယ် ရိုက်လိုက်တယ်။ ကိုယ်လုပ်ရတဲ့ လုပ်ကွက်တိုင်းကို ကြည့်တဲ့ ပရိသတ်တိုင်း ပျော်ရွှင်ရအောင် အကောင်းဆုံး ကြိုးစားထားပါတယ်”လို့ မိတ်ကပ် လင်းလင်းက ပြောပါတယ်။
သရုပ်ဆောင် မင်းမော်ကွန်းနဲ့ မြင့်မြတ်ကလည်း သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်တာတွေ သင်ပေးတယ်လို့ မိတ်ကပ် လင်းလင်းက ဆိုပါတယ်။
“အမှတ်တရတွေကတော့ အများကြီးပဲပေါ့။ ကိုမင်းမော်ကွန်းတို့ ကိုမြင့်မြတ်တို့က လင်းကို ဒီလိုလေးလုပ်၊ ဒီလိုလေးကနဲ့ သေချာလေး သင်ပေးတယ်။ ကိုယ့် Crush တွေနဲ့ ရိုက်ရတာ ဆိုတော့ ပျော်တယ်။ သူတို့ကို Crush လို့ပဲ ရတာလေ။ လင်းတို့ကို ချစ်ကြတဲ့ သူတွေရော အလှဖန်တီးရှင်တွေရော ဒီကားလေးကို ကြည့်ပြီး ဘဝအမောတွေ ပြေစေမှာပါ”
“ဒီကားထဲမှာ လင်းတို့ မိန်းမလျာတွေက ချစ်ဖို့ ကောင်းတယ်၊ တကယ်ပျော်ရွှင်ဖို့ ကောင်းတယ်ဆိုတာကိုလည်း မြင်ရတွေ့ရမှာပါ။ ဒီဇာတ်ကားကြောင့် လင်းတို့ မိန်းမလျာတွေအတွက် နေရာတခု ဆိုတာထက်၊ အားလုံးက သတိထားပြီး သူတို့လေးတွေက သူတို့ အစွမ်းအစနဲ့ တကယ်ချစ်ဖို့ ကောင်းပါလားဆိုပြီး နေရာတခုကို သတ်မှတ်ပေးလိမ့်မယ်လို့ ထင်ပါတယ်”လို့ လင်းလင်းက ပြောပါတယ်။
မိတ်ကပ် လင်းလင်းဟာ မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ မိတ်ကပ် ဖန်တီးရှင်များထဲမှ တဦးဖြစ်ပြီး ပျော်ရွှင်စွာ နေတတ်သူ တဦးအဖြစ်လည်း အများက သိထားကြပါတယ်။ လင်းလင်း ပါဝင်ထားတဲ့ “ကျားကျားကြိုက်ကြိုက်” ဇာတ်ကားကို သြဂုတ်လ ၂၉ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။