Entertainment

“ဂျင်ပါတီ” မှာ လူလိမ်မတယောက်အဖြစ် မြင်တွေ့ရမယ့် အိန္ဒြာကျော်ဇင်

Want create site? Find Free WordPress Themes and plugins.

ဟာသကား မရိုက်တာကြာပြီဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ မကြာခင်မှာရုံတင်ပြသမယ့် “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားထဲမှာ လူလိမ်မတယောက်အဖြစ် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“ဒီကားကို လက်ခံတာကတော့ ပရိသတ်ကို Taste လေးတွေ အမျိုးမျိုးပေးတဲ့ ဒရာမာလည်း ပါမယ်။ သရဲကား၊ Horror လည်းပါမယ်။ နောက်ပြီးတော့ ဟာသလေးလည်း ပေးချင်တဲ့စိတ်နဲ့ ဒီကားကိုလက်ခံဖြစ်တယ်။ လက်ခံတဲ့အခါမှာလည်း ဇာတ်ကိုဖြစ်ကြည့်တဲ့အခါမှာ သူ့ Plot လေးနဲ့သူ ရယ်နေရတယ်ဆိုတော့ လက်ခံဖြစ်ခဲ့တာပါ။ ဒီကားထဲက ကာရိုက်တာကတော့ လူလိမ်မပေါ့။ လူလိမ်ကိုမှ ပုံစံမျိုးစုံနဲ့လိမ်တဲ့ ကာရိုက်တာပေါ့” လို့ အိန္ဒြာကျော်ဇင်ကပြောပါတယ်။

ဇာတ်လမ်းထဲမှာ လူလိမ် တယောက်အနေနဲ့ သရုပ်ဆောင်ထားပေမယ့် အပြင်မှာတော့ အမြဲတမ်းအလိမ်ခံလိုက်ရတာပဲ ကြုံတွေ့ရပြီး သူငယ်ချင်းတွေကြားထဲမှာလည်း အူကြောင်ကျားတယောက်ဖြစ်တယ်လို့ သိရပါတယ်။

“ကျမက ငအ။ လည်တဲ့ထဲမှာ မပါဘူးပြောရမယ်။ တခုခုဆိုရင် ကျမက ခံလိုက်ရတာချည်းပဲ။ အမြဲခံဘက်ကပဲ။ ကိုယ်က တွေးလို့ရှိရင်လည်း ရိုးရိုးပဲတွေးတယ်။ သူငယ်ချင်းတွေကြားထဲမှာလည်း အမြဲတမ်းအူကြောင်ကျားပဲ” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ ဟာသကားတွေကို ကြိုက်နှစ်သက်ပြီး ဟာသထဲမှာမှ ပရိသတ်သဘောကျမယ့် ဇာတ်လမ်းမျိုးကို ရွေးချယ်ကာ ကိုယ်တိုင်လည်း ရိုက်ချင်တဲ့ ဇာတ်မျိုးဆိုရင် ရိုက်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျမက Comedy ကိုလည်းကြိုက်တယ်။ အဓိကက Comedy ထဲမှာမှ ပရိသတ်သဘောကျနိုင်မယ့် Plot မျိုးတွေ ဇာတ်မျိုးတွေ ဆိုရင်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်လက်ခံတဲ့ ဇာတ်မျိုး ဖြစ်ရမယ်။ အဓိကက ပရိသတ်အတွက်ပါ။ နောက်တခုက ကျမတို့လည်း ရိုက်ပြီဆိုကတည်းကိုက ကိုယ်ရိုက်ချင်တဲ့ ဇာတ်မျိုးကို ရွေးပြီး လက်ခံတယ်”

“Comedy ပဲဖြစ်ဖြစ် ဒရာမာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့နော်။ အဓိကကတော့ တကယ်ကောင်းဖို့ လိုတာပေါ့။ တကယ်ကောင်းရင်တော့ လက်ခံပါတယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

အဆိုပါ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားမှာတော့ ဝါရင့်သရုပ်ဆောင်များဖြစ်တဲ့ ရန်အောင်၊ လူမင်း၊ မင်းမော်ကွန်း၊ အိန္ဒြာကျော်ဇင်၊ ခင်လှိုင်၊ ကိုပေါက်၊ K ညီနဲ့ သရုပ်ဆောင်အသစ်များဖြစ်တဲ့ ရဲရင့်အောင်၊ ထူးအောင် ယဉ်လက်၊ ရွှေအိမ်စည်၊ Bella တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

သရုပ်ဆောင်များ စုံလင်စွာ ပါရှိတဲ့အတွက် ရိုက်ကူးခဲ့စဉ်အချိန်ကလည်း ရယ်နေရပြီး ရိုက်ကွင်းမှာ ပျော်ရွှင်စွာ ရိုက်ခဲ့ရတယ်လို့ သိရပါတယ်။

“ရယ်ရတာကတော့ ဒီကားထဲမှာ လူကလည်း စုံတယ်။ ကိုယ့် အနုပညာမောင်နှမတွေ အများကြီး ပါတယ်။ ရိုက်ကွင်း အပြင်ဘက်မှာကို ကိုယ့်အဖွဲ့နဲ့ကိုယ် ရယ်နေရတာ။ ကိုခင်လှိုင်တို့ ဘာတို့လည်း ပါတော့။ လူရွှင်တော်တွေ ဘာတွေဆို သဘောကျတော့ သူတို့ပြောတာတွေကို နားထောင်ပြီး ပျော်နေရတာပါပဲ” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

“ဂျင်ပါတီ”ရုပ်ရှင်ကားကိုတော့ သြဂုတ်လ ၂၂ရက်နေ့မှစတင်ကာ မြန်မာ တနိုင်ငံလုံးရှိ ရုပ်ရှင်ရုံများမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading