Sony Pictures ရုပ်ရှင်ထုတ်လုပ်ရေးဟာ အက်ရှင် ဇာတ်ဝင်ခန်းအသစ် တခန်း ပါဝင်လာမယ့် “Spider-Man: Far From Home” ရုပ်ရှင်ကို ပြန်လည် ဖြန့်ချိပြသသွားမယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၉ ရက်နေ့ကနေ စပြီး ၄ မိနစ်စာရှိတဲ့ အက်ရှင်ဇာတ်ဝင်ခန်းအသစ် ပါဝင်လာမယ့် ရုပ်ရှင် ဗားရှင်းအသစ်ကို အမေရိကန်နဲ့ ကနေဒါနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ဖြန့်ချိပြသမှာ ဖြစ်ပါတယ်။ IMAX ရုပ်ရှင်ရုံတွေမှာလည်း ကြည့်ရှုနိုင်ပြီး တခြားရုံတချို့မှာလည်း ပြသသွားမယ်လို့ သိရပါတယ်။
“Spider-Man: Far From Home” ရုပ်ရှင်ဟာ အခုနှစ်အတွင်း ရုံမှာ ဒုတိယအကျော့ ပြန်လည် ရုံတင်ပြသတဲ့ Marvel ရဲ့ ဒုတိယမြောက်ရုပ်ရှင် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီကာလတုန်းက ပြသခဲ့တဲ့ Disney ရဲ့ “Avengers: Endgame” ရုပ်ရှင်ကိုလည်း နောက်တကျော့ ဖြန့်ချိပြခဲ့ပြီး ဖြစ်ပါတယ်။
Avengers ရုပ်ရှင်ဟာ ကမ္ဘာတဝန်းကနေ ဒေါ်လာ ၂ ဒဿမ ၇၄ ဘီလီယံရရှိခဲ့ပြီးတဲ့နောက် ဇွန်လအတွင်းမှာပဲ ရုံတင်ပြသခဲ့လို့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်တဲ့ “Avatar” ရဲ့ စံချိန်ကို ကျော်တက်သွားခဲ့ပြီးဖြစ်ပါတယ်။ လက်မှတ် ရောင်းချရငွေဒေါ်လာ ၂ ဒဿမ ၇၉၀၂ ဘီလီယံရရှိခဲ့ပြီး သမိုင်းမှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။
အခု “Spider-Man Far From Home” ရုပ်ရှင်ကလည်း ရုံဝင်ငွေစာရင်းမှာ မျှတတဲ့အောင်မြင်မှုတွေ ရရှိခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်အထိ ဝင်ငွေ ဒေါ်လာ ၁ ဒဿမ ၀၉ ဘီလီယံ ရရှိထားလို့ Sony Pictures အတွက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ အရင်တုန်းကတော့ Sony Pictures အတွက် ဒေါ်လာ ၁ ဒဿမ ၁၀၈ ဘီလီယံနဲ့ “Skyfall” ရုပ်ရှင်က ဝင်ငွေအများဆုံးနဲ့ ရပ်တည်နေခဲ့တာပါ။
နောက်ဆုံးထွက် ပင့်ကူလူသားရုပ်ရှင်ရဲ့ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာတော့ Sony Pictures အတွက် အဖွင့် ၆ ရက်စာ ဝင်ငွေအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ လက်မှတ်ရောင်းချရငွေ ဒေါ်လာ ၁၈၅ ဒဿမ ၀၆ သန်း ရရှိခဲ့ပါတယ်။
အဲ့ဒီရုပ်ရှင်ဟာ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး မင်းသား Tom Holland တကိုယ်တော် ပါဝင်ထားတဲ့ “Spider-Man: Homecoming” ရုပ်ရှင်ထက် ဝင်ငွေကျော်လွန်အောင် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
Ref. variety.com
You may also like these stories:
ကမ္ဘာအနှံ့ ရုံဝင်ငွေ အကောင်းဆုံး ပင့်ကူလူသားရုပ်ရှင် ဖြစ်လာတဲ့ “Spider-Man: Far From Home”
ခန့်မှန်းထားတာထက် ဝင်ငွေ ပိုရပြီး စံချိန်တင်ခဲ့တဲ့ “Spider-Man: Far From Home” ရုပ်ရှင်
တောင်ကိုရီးယားနိုင်ငံမှာ ကြည့်ရှုနှုန်း စံချိန်တင်နိုင်ခဲ့တဲ့ “Spider-Man: Far From Home”
မြောက်အမေရိကန် ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၂၁ သန်းနဲ့ ဦးဆောင်ခဲ့တဲ့ “Good Boys” ရုပ်ရှင်