ကာလတခုအထိ ပရိသတ်တွေ စောင့်ဆိုင်းနေခဲ့ကြရတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ရဲ့ နာမည်ကတော့ ထွက်ပေါ်လာပါပြီ။ အခု ၂၅ ကားမြောက်အဖြစ် ထွက်ရှိလာမယ့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကိုတော့ “No Time To Die” လို့ နာမည်ပေးလိုက်ကြောင်း ထုတ်လုပ်သူတွေက Twitter မှာ ကြေညာလိုက်ပါတယ်။
မင်းသား Daniel Craig ကို 007 အေးဂျင့်အနေနဲ့ ပဉ္စမအကြိမ်မြောက်နဲ့ နောက်ဆုံး မြင်တွေ့ကြရမယ့် အဲ့ဒီရုပ်ရှင်မှာ အော်စကာ ဆုရမင်းသား Rami Malek ကို ဗီလိန်တဦးအနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
“Fleabag” စီးရီးဖန်တီးရှင် Phoebe Waller-Bridge က ဇာတ်ညွှန်းရေးသားသူတွေထဲမှာ တယောက် အနေနဲ့ ပါဝင်ပါတယ်။ Ralph Fiennes နဲ့ Ben Whishaw တို့ဟာလည်း M နဲ့ Q ဆိုတဲ့ ဇာတ်ကောင်တွေ အဖြစ် ပါဝင်လာဦးမှာပါ။
မင်းသမီး Naomie Harris ကတော့ Moneypenny ဇာတ်ကောင်နေရာကနေ ပြန်လည် ပါဝင်လာမှာဖြစ်ပြီး မင်းသား Rory Kinnear ကတော့ MI6 အကြီးအကဲ Bill Tanner အဖြစ် ထပ်မံ ပါဝင်လာပါတယ်။
ပြင်သစ်မင်းသမီး Lea Seydoux ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Spectre” ရုပ်ရှင်ထဲက ဇာတ်ကောင် Madeleine Swann အဖြစ် ပြန်လည် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ အမေရိကန်မင်းသား Jeffrey Wright ကတော့ CIA အေးဂျင့်ဟောင်း Felix Leiter အဖြစ် ပြန်လည် ပါဝင်လာမှာဖြစ်ပါတယ်။
အဆိုပါ ရုပ်ရှင်ကို ဒါရိုက်တာ Cary Joji Fukunaga က ရိုက်ကူးမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဒါရိုက်တာကတော့ HBO ရဲ့ True Detective ပထမစီးရီးနဲ့ Netflix ရဲ့ Maniac တွေမှာ ပါဝင်ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကို အရင်က ဒါရိုက်တာ Danny Boyle က ရိုက်ကူးဖို့ ပြင်ဆင်ခဲ့ပေမယ့် “ဖန်တီးမှုဆိုင်ရာ မတူကွဲပြားမှုတွေ” ကြောင့် ရိုက်ကူးရေးကနေ နုတ်ထွက်ပြီးနောက် ပြီးခဲ့တဲ့နှစ်မှာပဲ ရုပ်ရှင်ကို ဒါရိုက်တာ Fukunaga က ကိုင်တွယ်ရဖို့ ဖြစ်လာခဲ့တာပါ။ “No Time To Die” ရုပ်ရှင်ကို UK မှာ လာမယ့်နှစ် ဧပြီလ ၃ ရက်နေ့မှာ စတင်ရုံတင်မှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာတော့ ဧပြီလ ၈ ရက်နေ့က စလို့ ကြည့်ရှုနိုင်မှာပါ။
Ref. BBC
You may also like these stories:
Ed Sheeran ကို “Bond 25” ရုပ်ရှင်ဇာတ်ဝင်တေး ဆိုစေချင်တဲ့ မင်းသား Daniel Craig
နောက်ထွက်မယ့် James Bond ရုပ်ရှင်မှာ လူမည်းအမျိုးသမီး 007 ကို တွေ့မြင်ရဖွယ်ရှိ