နာမည်ကျော် ဘောလိဝုဒ်မင်းသား အမီရာခန်းဟာ Maharashtra ပြည်နယ် ရေဘေးအတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရူပီးငွေ ၂၅ သိန်းလှူဒါန်းခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Devendra Fadnavis က သြဂုတ်လ ၂၀ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ မင်းသားကို Twitter ကနေ ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး ရူပီး ၁၁ သိန်းလှူဒါန်းခဲ့တဲ့ အဆိုတော် Lata Mangeshkar ကိုလည်း အမှတ်တရစကား ပြောဆိုခဲ့ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်က “Maharashtra ရေဘေးအတွက် ရူပီး ၂၅ သိန်းလှူဒါန်းခဲ့တဲ့ အမီရာခန်းရေ ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့တုန်းကတော့ မင်းသားဟာ အာသံ ရေဘေးအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ရူပီး ၂ ကုဋေလှူဒါန်း ခဲ့ပါသေးတယ်။
“ဘုရားသခင်က ကျနော့်ကို ပိုက်ဆံတွေ အများကြီးပေးခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါကြောင့် ၂ ခါ မစဉ်းစားဘဲ ကျနော့် မျှဝေပေးခဲ့ပါတာပါ”လို့ မင်းသားက အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။
မင်းသားကြီး အမီတာ ဘဂျမ်းဟာလည်း အာသံရေဘေးအတွက် ရူပီး ၅၁ သိန်း လှူဒါန်းခဲ့ပါစေတယ်။ သူ့ရဲ့ ထောက်ပံ့မှုကို ကျေးဇူးတင်တဲ့အနေနဲ့ အာသံပြည်နယ်ဝန်ကြီးချုပ် Sarbananda Sonowal က “ရှရီ အမီတာဘဂျမ်းရဲ့ ဝန်ကြီးချုပ် ရေဘေးရန်ပုံငွေကို ရူပီ ၅၁ သိန်းလှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်။ လူတွေကို ဂရုစိုက်တာကို ပြသခဲ့တဲ့ အနေအထားပါပဲ။ အခုလို ထောက်ပံ့ပေးတဲ့အတွက် အာသံပြည်သူတွေ ကိုယ်စား ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။
မင်းသားကြီး အမီတာကလည်း “အာသံ ပြည်နယ်မှာ ဒုက္ခ ရောက်နေတယ်။ ရေကြီးမှုကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်နေရတယ်။ ကျနော်တို့ရဲ့ ညီအစ်ကို၊ မောင်နှမတွေအတွက် ဂရုစိုက်မှုနဲ့ အကူအညီ ပေးဖို့ ဝန်ကြီးချုပ်ရဲ့ ရန်ပုံငွေထဲ အားတက်သရော ထည့်လိုက်ပါတယ်။ ကျနော်တော့ ထည့်ပြီးပါပြီ။ ခင်ဗျားတို့ရော”လို့ ရေးသားခဲ့ပါတယ်။
မင်းသားကြီး အမီတာနဲ့ မင်းသား အမီရာတို့ နှစ်ယောက်လုံးဟာ အခုနှစ် အစောပိုင်းတုန်းက အကြမ်းဖက် တိုက်ခိုက်မှု တခုမှာ ကျဆုံးခဲ့တဲ့ Pulwama စစ်သားတွေကို ဂုဏ်ပြုတဲ့ ဂီတ ဗီဒီယိုမှာ ပါဝင်ခဲ့ပါသေးတယ်။ သူတို့နှစ်ဦးအပြင် အဲ့ဒီသီချင်းထဲမှာ ရှရွတ်ခန်၊ Aishwarya Rai Bachchan၊ Ranbir Kapoor၊ Kartik Aaryan နဲ့ Tiger Shroff တို့လည်း ပါဝင်ထားကြပါတယ်။
Ref: hindustantimes