မကြာခင် ရုံတင်ပြသတော့မယ့် “ဂျင်ပါတီ” ရုပ်ရှင်ကာမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် လူမင်းကတော့ ဒီကားဟာ ပျော်စရာကောင်းတဲ့ ရုပ်ရှင်ကား တကားဖြစ်ပြီး ရုပ်ရှင်ကားတိုင်းက Message ပေးနေမယ် မရည်ရွယ်ဘူးလို့ ပြောပါတယ်။
“ရုပ်ရှင်ကားတိုင်းက Message တွေ ပေးနေမယ်ရယ်လို့တော့ ကျနော်တို့ မရည်ရွယ်ပါဘူး။ အဓိကက ဂျင်ပါတီဆိုတာ ဂျင်လိုလည်တဲ့ သူတွေချည်းပဲ စုထားတဲ့ ပါတီတခုပေါ့။ အဲ့လိုရည်ရွယ်ပြီးပေးတာပါ။ ပျော်ဖို့ရွှင်ဖို့ပါပဲ”လို့ လူမင်းက ပြောပါတယ်။
“ဂျင်ပါတီ”ရုပ်ရှင်ကားထဲကတော့ သရုပ်ဆောင်များအနေနဲ့လည်း ဝါရင့်သရုပ်ဆောင်များ၊ စီနီယာ၊ ဂျူနီယာများနဲ့ တက်သစ်စ သရုပ်ဆောင်များ ပါဝင်ထားတဲ့ ဇာတ်ကားတကားဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီကားမှာက ပျော်စရာကားကြီးပေါ့။ ကျနော်တို့ထက် စီနီယာကျတဲ့ ကိုရန်လေးတို့ ဘာတို့လည်း ပါတယ်။ ကျနော်တို့ထက် ဂျူနီယာကျတဲ့ ကလေးတွေလည်း ပါတယ်။ အခု တက်သစ်စတွေလည်း ပါတယ်။ မနေ့ တနေ့က တက်သစ်စတွေလည်း ပါတယ်ဆိုတော့ ဝါနု၊ ရင့်၊ အလတ် ပျော်စရာ ဇာတ်ကားကြီ းတကားပါ။ ရိုက်ကတည်းကိုက ပျော်နေရတာ”လို့ လူမင်းက ပြောပါတယ်။
အဆိုပါ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ဝါရင့်သရုပ်ဆောင်များဖြစ်တဲ့ ရန်အောင်၊ လူမင်း၊ မင်းမော်ကွန်း၊ အိန္ဒြာကျော်ဇင်၊ ခင်လှိုင်၊ ကိုပေါက်၊ Kညီနဲ့ သရုပ်ဆောင်အသစ်များဖြစ်တဲ့ ရဲရင့်အောင်၊ ထူးအောင် ယဉ်လက်၊ ရွှေအိမ်စည်၊ Bella တို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။
ဟာသကားဖြစ်တဲ့အတွက် လက်ခံရိုက်ကူးဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း လူမင်းက “ဇာတ်ကားတကား လက်ခံတယ်ဆိုတဲ့ နေရာမှာ ထုတ်လုပ်သူက ငှားရမ်းမှ ကိုယ်နဲ့ လိုက်လား၊ ကိုက်လား စဉ်းစားပြီးမှ ရိုက်တာပါ။ ဒီကားကိုလည်း ဇာတ်ကားတကားကို လက်ခံတဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း စဉ်းစားပြီးမှ လက်ခံခဲ့တာပါ”လို့ ပြောပါတယ်။
ဇာတ်ကား ရိုက်ကူးစဉ်ကလည်း လူစုံပါဝင်တဲ့ အခန်းများမှာ ဇာတ်ကားအကြောင်းထက် အပြင်က အကြောင်းအရာများကို ပြောဆိုခဲ့ပြီး ပျော်စရာကောင်းခဲ့တယ်လို့ ဆိုပါတယ်။
“အမှတ်တရကတော့ သရုပ်ဆောင် အများကြီးနဲ့ ရိုက်တဲ့ ဇာတ်ကားတွေမှာ လူစုံအောင် တော်တော် ချိန်းရတယ်။ လူစုံပါတဲ့ အချိန်တွေဆို ဇာတ်ကားအကြောင်းထက် အပြင်အကြောင်းတွေ ပြောဖြစ်တာပေါ့။ လူတွေက အခုမှ ဆုံမိသလို ဖြစ်ကြတယ်။ ဒါတွေက ပျော်စရာ အမှတ်တရတွေပါ”လို့ လူမင်းက ပြောပါတယ်။
လူမင်းကတော့ လတ်တလောမှာတော့ ဇာတ်ကားရိုက်ကူးမှုများ မရှိသေးဘဲ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန်အတွက် နေ့ရောညရော လုံးပန်းနေတယ်လို့ ဆိုပါတယ်။
“လတ်တလောတော့ ဘာကားရိုက်မှတော့ မရှိဘူး။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ဖို့အတွက် နေ့ရောညရော လုံးပန်းနေတယ်။ စနိုင်ဖို့ကတော့ ရှေ့လနောက်ဆုံးပတ်မှာ စဖို့အတွက်ကတော့ သေချာပါပြီ။ လိုအပ်တာတွေတော့ လုပ်တုန်းပဲ” လို့ လူမင်းက ပြောပါတယ်။
ယခုရက်ပိုင်းအတွင်းမှာလည်း ဂျပန်နိုင်ငံသို့ သွားရောက်ကာ ဗိုလ်ချုပ်အောင်ဆန်း သွားလာခဲ့တဲ့ နေရာများ၊ အကြောင်းအရာများကို သွားရောက် လေ့လာဖို့ရှိတယ်လို့ သိရပါတယ်။
“ကျနော်တောင် ဂျပန်သွားပြီး ဗိုလ်ချုပ်တို့သွားခဲ့တဲ့ နေရာတွေ အကြောင်းအရာတွေကို လေ့လာဖို့ သွားပါမယ်။ သေချာလုပ်ရတာတော့ တကားလုံးပါပဲ။ ဗိုလ်ချုပ်နဲ့ ပတ်သက်တာက ဘာတခုမှ ပေါ့ပေါ့တန်တန်နဲ့ လုပ်လို့မရပါဘူး” လို့ လူမင်းကပြောပါတယ်။
ယခင် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတဦးဖြစ်ခဲ့တဲ့ လူမင်းကတော့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးမှာလည်း ဒါရိုက်တာ တဦးအနေနဲ့ ပုံဖော်ရိုက်ကူးမှာဖြစ်ပြီး စက်တင်ဘာနောက်ဆုံးပတ်မှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
You may also like these stories:
“မင်းသား၊ မင်းသမီးတွေရဲ့ ပါရမီဖြည့်ဖက်တွေက ပိုပြီးတော့ ခံနိုင်ရည်ရှိရမယ်”လို့ လူမင်း ပြော
“ဗိုလ်ချုပ်ရုပ်ရှင်”ကို စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးတော့မယ် လို့ လူမင်းပြော
ဗိုလ်ချုပ်ရုပ်ရှင်အတွက် စိုးရိမ်နေတဲ့ ပရိသတ်တွေကို မစိုးရိမ်ကြဖို့ လူမင်း ပြော