“Spider-Man” ရုပ်ရှင်တွေကို ထပ်မံရိုက်ကူးဖို့ အတွက် Marvel, Disney နဲ့ Sony ကုမ္ပဏီတို့ ဆွေးနွေးရာမှာ သဘောတူညီမှုတွေ မရရှိတော့တာကြောင့် Tom Holland ကို MCU (Marvel Cinematic Universe) မှာ မြင့်တွေ့ရဖို့ နည်းနေတယ်ဆိုတဲ့ သတင်းတွေ ဒီနေ့ မနက်မှာ ထွက်ရှိလာပါတယ်။
Marvel ဟာ သူ့ရဲ့ မူရင်းဇာတ်ကောင်ဖြစ်တဲ့ Spider-Man ဇာတ်ကောင်ကို Sony ကို ရောင်းထားခဲ့တာ ကြာပါပြီ။ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ Sony နဲ့ Disney တို့ဟာ “Spider-Man” ရုပ်ရှင်ကို ပူးပေါင်းရိုက်ကူးပြီး ရုပ်ရှင်က ရရှိမယ့် အမြတ်ငွေတွေနဲ့ ပတ်သက်ပြီး မျှဝေယူမယ့်ဆိုတယ် သဘောတူညီချက်နဲ့ Tom Holland ကို မင်းသားအဖြစ် ရွေးချယ်ကာ ရိုက်ကူးနေတာ အခုဆိုရင် “Spider-Man: Homecoming” နဲ့ “Spider-Man: Far From Home” ဆိုတဲ့ ရုပ်ရှင် ၂ကားကို ရိုက်ကူးပြီး ဖြစ်ပါတယ်။
သဘောတူညီချက်တွေ အရ ရုပ်ရှင်အမြတ်ငွေရဲ့ ၅ ရာခိုင်နှုန်းကိုသာ ရရှိနေတဲ့ Marvel ဟာ နောက်ထပ်ရိုက်ကူးမယ့် Spider-Man ရုပ်ရှင်တွေက စပြီး ရရှိမယ့် အမြတ်ငွေကို ၅၀ ရာခိုင်နှုန်းစီ ခွဲပြီး ယူကြဖို့ ညှိုနှိုင်းရင်းက အခုလို ခွာပြဲဖို့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့ ထပ်မံရိုက်ကူးဖြစ်မယ်ဆိုရင် Sony ကုမ္ပဏီက မင်းသား Tom Holland ကိုသာ Spider-Man အဖြစ် ဆက်လက်ထားဖို့ ရည်ရွယ်ထားတယ်လို့ နောက်ဆုံးရရှိတဲ့ သတင်းတွေ အရ သိရပါတယ်။
အရင်က ရိုက်ကူးခဲ့တဲ့ Spider-Man ရုပ်ရှင်တွေမှာ ထုတ်လုပ်သူဖြစ်ခဲ့တဲ့ Kevin Feige ကတော့ နောက်ထပ်လာမယ့် Spider-Man ရုပ်ရှင်တွေမှာ ထုတ်လုပ်သူအဖြစ် ဆက်လက်ရှိနေဖို့ မသေချာဘူးလို့ Sony က အတည်ပြုထားပြီး ဒါဟာ Disney ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့ သိရပါတယ်။
Ref. Channelnewsasia, Comics.com