အဆိုတော် တယောက်ဖြစ်တဲ့ ရဲရင့်အောင်က ယခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလာပြီး သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ဂျင်ပါတီ” ရုပ်ရှင်ကားမှာတော့ တကိုယ်လုံး အင်္ကျီ ချွတ်ခဲ့ရတဲ့ အခန်း ပါရှိတယ်လို့ ပြောပါတယ်။
“ပထမဆုံးအကြိမ် ကင်မရာအရှေ့မှာ တကိုယ်လုံး အင်္ကျီ ချွတ်ပြရတာ အဲဒါ အမှတ်တရပေါ့။ အားတော့ မယူခဲ့ရဘူး။ ဒီကားထဲမှာ ငါရဲရင့်အောင်မှ မဟုတ်တာ ငါချွတ်တယ် ဆိုပြီး ချွတ်ခဲ့တယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။
ဒီကားထဲမှာ တက်တူးထိုးတဲ့ဆရာတယောက်အဖြစ် သရုပ်ဆောင်ထားပြီး ရိုက်နေတဲ့အချိန်မှာလည်း ပျော်စရာကောင်းခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော့် ကာရိုက်တာ နာမည်က ရိုးရာ။ တက်တူး ထိုးတယ်။ ကိုရန်လေးတို့ ဦးခင်လှိုင်တို့ရဲ့တူ။ ညီအစ်ကို ၃ယောက်ထဲက တယောက်ပေါ့။ ရိုက်ကွင်းမှာက ပျော်နေပါးနေရတယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။
“ဂျင်ပါတီ” မတိုင်ခင်က “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ဇာတ်ကားကတော့ ရိုမန့်စ် ဒရာမာကားဖြစ်တဲ့အတွက် ဇာတ်ကား ၂ ကား ရိုက်ရတဲ့အပေါ် ကွာခြားချက်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“ကွာတာပေါ့။ အများကြီး ကွာတယ်။ ဟာသကားကျတော့ စာအုပ်ထဲမှာ ချရေးထားတဲ့ Plot တွေနဲ့ ရိုက်ကွင်းပေါ်ရောက်တော့မယ့် ဒါက ဒီလူနဲ့ သင့်တော်တယ်ဆိုပြီး ဖြည့်ပြောရတာတွေရော အများကြီး ရှိတယ်။ ဒါတွေကို ကျနော် မသိခဲ့ဘူး။ ဒီကားမှာ ကျနော်အများကြီး သင်ယူခဲ့ရပါတယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။
ဟာသလုပ်ရတဲ့အခါ အပြင်မှာ ဟာသဖြစ်ပြီး ရယ်စရာကောင်းတဲ့ အရာတွေက ရိုက်တဲ့အချိန်မှာ ရယ်ရချင်မှ ရယ်ရမှာဖြစ်တာကြောင့် အခက်အခဲ အနည်းငယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“အပြင်မှာ ပြောနေတဲ့ပုံစံက ရိုက်နေတဲ့အချိန်ပြောရင် ရယ်ချင်မှ ရယ်ရတာဆိုတော့ အဲဒီလို အခက်အခဲတွေ နည်းနည်း ကြုံခဲ့ပါတယ်။ ဒါပေမဲ့ ဦးခင်လှိုင်တို့ဘာတို့က အနားမှာအမြဲရှိနေတာဆိုတော့ ရေလိုက် ငါးလိုက် စည်းချက်မိအောင် လုပ်တဲ့အခါမှာ အဆင်ပြေပါတယ်။ ပထမဆုံး ဟာသကားမှာ အတည်ပေါက်နဲ့ ရယ်ရအောင်လုပ်ရတဲ့အတွက် ဝမ်းသာပါတယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။
ဒီဇာတ်ကားထဲမှာတော့ ရဲရင့်အောင်နဲ့အတူ ဝါရင့်သရုပ်ဆောင်များ၊ သရုပ်ဆောင်အသစ်များဖြစ်ကြတဲ့ ရန်အောင်၊ လူမင်း၊ မင်းမော်ကွန်း၊ အိန္ဒြာကျော်ဇင်၊ ခင်လှိုင်၊ ကိုပေါက်၊ K ညီ၊ ထူးအောင်၊ ယဉ်လက်၊ ရွှေအိမ်စည်၊ Bella တို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။
ရဲရင့်အောင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျရောက်တဲ့ သူ့ရဲ့မွေးနေ့မှာလည်း ချစ်သူနဲ့ သူငယ်ချင်းဖြစ်သူတို့ရဲ့ မွေးနေ့ Surprise ပြုလုပ်မှုကြောင့် ပျော်ရွှင်ရတဲ့ မွေးနေ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ခါတိုင်းနှစ်တွေက ည ၁၂ နာရီထိုးရင် ဘယ်ကမှန်း မသိဘူး။ ရောက်လာကြတယ်။ ဒီနှစ်တော့ မလာလောက်တော့ဘူးဆိုပြီး နေနေရတဲ့အချိန် ချွေးသံတလုံးလုံးနဲ့ တအုပ်စုလုံး ရောက်လာတယ်။ ပျော်ဖို့အရမ်းကောင်းပါတယ်။ ၁၂နာရီကျော်ပြီး နောက်နေ့ထိလည်း တော်တော် ပျော်ရပါတယ်။ ဒီနှစ်အတွက်က မွေးနေ့လက်ဆောင်ကလည်း တော်တော်လိုချင်နေတဲ့ဟာရတော့ ပျော်ပါတယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။
မွေးနေ့ရက်ကလည်း ပရိသတ်များအတွက် သီချင်းတပုဒ် လက်ဆောင်ပေးခဲ့ပြီး တကိုယ်တော်အခွေ ထွက်နိုင်အောင် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
“ကျနော်ရဲ့ တကိုယ်တော်အခွေကို အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ပြီးတော့ Bo Bo Entertainment ကရိုက်မယ့် “ခေါ်သံ” ရုပ်ရှင်ကားကို ပြီးအောင် ရိုက်ဖို့အတွက် လုပ်နေပါတယ်။ နောက်လထဲမှာ နည်းနည်းရိုက်ဖို့ ကျန်ပါသေးတယ်။ ပြီးတော့ ကျနော် ပွဲတွေဆိုဖို့ ရှိတယ်။ သီချင်းအသစ်တွေ မပျက်အောင်ပေးဖို့ လုပ်နေပါတယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။
You may also like these stories:
“ဂျင်ပါတီ” မှာ လူလိမ်မတယောက်အဖြစ် မြင်တွေ့ရမယ့် အိန္ဒြာကျော်ဇင်
“ဇာတ်ကား တကားရိုက်ရင် ချစ်သူက အစအဆုံး ပြင်ဆင်ပေးတယ်”လို့ ရဲရင့်အောင် ပြော
“LGBT တွေကို ထောက်ခံတယ်”လို့ ပြောတဲ့ အဆိုတော် ရဲရင့်အောင်
ဟာသနဲ့ သရဲကား ကြိုက်သူတွေအတွက် Horror Comedy ရုပ်ရှင် “ခေါ်သံ”