စာရေးဆရာကြီး မင်းသိင်္ခ ရေးသားတဲ့ “ဆားပုလင်းနှင်းမောင်နဲ့ စနေမောင်မောင်” ဝတ္ထုကို ပြန်ရိုက်ကူးမယ့် ဇာတ်ကားတွေမှာ ပါဝင်ဖို့ အောင်ထွန်း ဇာတ်ရုပ်နေရာကနေ ကမ်းလှမ်းခံထားရတယ်လို့ သရုပ်ဆောင် ပြေဇင်က ပြောပါတယ်။
“စနေမောင်မောင် ဇာတ်ကားထဲက အောင်ထွန်း ကာရိုက်တာအတွက် ဒါရိုက်တာ သီဟစိုးတို့နဲ့တော့ အကြိမ်ကြိမ် တွေ့ပြီးပြီ။ ရိုက်ကူးရက် ဘယ်တော့ စမယ်ဆိုတာ မပြောနိုင်သေးဘူး။ စနေမောင်မောင်က နိုင်နိုင်း၊ ဆားပုလင်းနှင်းမောင်က ဒေါင်း၊ သိဒ္ဓိက အောင်မြင့်မြတ်ပေါ့။ တခြားနေရာတွေ အတွက်လည်း သူတို့ ထပ်ရွေးချယ်သွားဦးမှာပါ။ ကျနော်တို့ကိုတော့ ကာရိုက်တာအနေနဲ့ ရွေးချယ်ထားတာပဲ ရှိပါသေးတယ်”
“ကာရိုက်တာပဲ ပြောထားတာ။ ဝတ္ထုတွေကို ရိုက်မှာ ဟုတ်၊ မဟုတ် မသိရဘူး။ သူ့တို့ ဖန်တီးတာလည်း ဖြစ်နိုင်တယ်၊ ကာရိုက်တာ ဝယ်ပြီး ရိုက်တာလည်း ဖြစ်နိုင်တယ်။ စနေမောင်မောင်နဲ့ ပတ်သက်တာတွေ အကျွမ်းတဝင် ဖတ်ခဲ့ဖူးပါတယ်။ အောင်ထွန်း ကာရိုက်တာ ကမ်းလှမ်းတဲ့အတွက် ကျေးဇူးတင်နေပြီ၊ ရုပ်ရှင်အနေနဲ့ အဲဒါရိုက်ဖို့ ရှိပါတယ်။ စီးရီးအနေနဲ့ ရိုက်ထားတာက ‘တတိမြောက်ဆုံမှတ်’ မကြာခင် ပြတော့မယ်” လို့ ပြေဇင်က ပြောပါတယ်။
အက်ရှင်၊ ဒရာမာဇာတ်လမ်း “တတိယမြောက် ဆုံမှတ်” ရုပ်သံဇာတ်လမ်းတွဲကိုလည်း ဗီလိန်နေရာက ပင်ပင်ပန်းပန်း ရိုက်ကူးထားတယ်လို့ ပြေဇင်က ဆိုပါတယ်။
“တတိယမြောက် ဆုံမှတ် ရုပ်သံဇာတ်လမ်းတွဲမှာ ပင်ပင်ပန်းပန်း ရိုက်ထားတယ်၊ အက်ရှင် ဒရာမာပေါ့။ ဦးမင်းဦးရဲ့ တပည့်နေရာက ကိုယ်တိုင်အက်ရှင်တွေ ထိုးရတာတွေ ပါတယ်၊ ကြိုးစားပြီးတော့ သရုပ်ဆောင်ထားပါတယ်။ ကျနော်လုပ်ရမယ့် တာဝန်၊ ကျနော် လုပ်ရမယ့်နေရာမှာ အကောင်းဆုံး ဖြစ်အောင်ပဲ ကြိုးစားတယ်။ အခုနောက်ပိုင်း ဗီလိန်အဖြစ် ကမ်းလှမ်းကြတာတွေ များတယ်”
“သရုပ်ဆောင်ရတာ ဝါသနာပါတယ်၊ လုပ်လည်း လုပ်ချင်တဲ့အတွက် ဘယ်နေရာမဆို သရုပ်ဆောင်ဖို့ အဆင်သင့် ပြင်ထားပါတယ်။ ပရိသတ်တွေကလည်း နောက်ပိုင်း သိလာပါပြီ။ ဗီလိန် လုပ်လို့ဆိုပြီး ကျနော့်ကို ပရိသတ်တွေ မုန်းမှာ၊ အမြင်ကပ်မှာတွေ မကြောက်ပါဘူး”လို့ ပြေဇင်က ပြောပါတယ်။
ပြေဇင်ဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တဦးဖြစ်ပြီး ယခုလက်ရှိ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ ဖြစ်ပါတယ်။
You may also like these stories:
“မင်းသိင်္ခရဲ့ ဇာတ်ကောင်တွေကို အကြိမ်ကြိမ် စဉ်းစားပြီးမှ လက်ခံဖြစ်တာပါ”လို့ နိုင်းနိုင်း ပြော
မင်းသိင်္ခရဲ့ ဝတ္ထုတွေနဲ့ ဇာတ်ကောင်တွေကို အလွတ်ရနေတဲ့ သရုပ်ဆောင် ဒေါင်း