Entertainment

"လူကို လူလို့ မြင်ပြီး ခွဲခြားမှုတွေ လျော့လာတဲ့အတွက် ကျေးဇူးတင်တယ်"လို့ မထက် ပြော

ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ထားတဲ့ Makeup Artist မထက် (Pop Soul) ကတော့ ဇာတ်ကား ရိုက်ကူးစဉ်က အမှတ်တရတွေ အကြောင်းကို အခုလိုပဲ ပြောပါတယ်။

“ဇာတ်ကားနဲ့ ပတ်သက်တဲ့ အမှတ်တရတွေက အများကြီးပဲ။ ကိုမြင့်မြတ် ရည်းစားစကား ပြောရတဲ့အခန်း မင်းသားနဲ့ နှစ်ယောက်တည်း ဆိုတော့ ရင်မခုန်ဘူး။ ရင်တွေ တုန်တာ၊ ကြောက်တာ။ မှားတာတွေ ရှိနေမှာတို့၊ လိုအပ်ချက်တွေ ရှိနေမှာကို ကြောက်တာ။ Spa ဝင်တဲ့ အခန်းမှာဆိုရင် ဒီလိုတော့ ရိုက်ရမယ် အဆင်ပြေလား မေးတယ်။ အဲ့အခန်းလေးကို ရုံမှာ ပြန်ကြည့်တော့ အရမ်းလှနေတယ်လို့ ခံစားရတယ်”

“ချွတ်ရလို့ မချွတ်ရလို့ သဘောကျတာ မဟုတ်ပါဘူး။ ဒီကားထဲမှာ ဝိတ်တွေလည်း ချထားတော့ အရမ်းလှမယ်လို့ ထင်တားတာ လှ မနေဘူး။ ရင်ခုန်ရလောက်အောင် မင်းသားဆိုတာ ကိုယ်တွေ အနားကပ်လို့ရတဲ့ သူ မဟုတ်ဘူးလေ။ ဒါတွေကို စိတ်ကူးလည်း မယဉ်ပါဘူး။ ဒါတွေကို ကြုံခွင့်၊ ဆုံခွင့်ရတာနဲ့တင် မင်းသားတွေကို ကျေးဇူးတင်နေပါပြီ”လို့ မိတ်ကပ် မထက် (Pop Soul) က ပြောပါတယ်။

မိတ်ကပ် မထက်ကတော့ အခုချိန်မှာ ချစ်ခင်သူတွေ များလာတဲ့အတွက် ကျေးဇူးလည်းတင်သလို၊ အရမ်းလည်း ပျော်တယ်လို့ ဆိုပါတယ်။

“အရင်ထက်ချစ်တဲ့ သူတွေ အများကြီး ရှိလာတဲ့အတွက် အရမ်းပျော်တယ်။ အရမ်းလည်း ကျေးဇူးတင်တယ်။ လူကို လူလို့ မြင်လာပြီး ခွဲခြားမှုတွေ လျော့ပါးလာတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ မထက်က ပြောပါတယ်။

ဆက်လက်ပြီး မထက်က သူ ငယ်ငယ်ကတည်းက အရမ်းကြိုက်ရတဲ့ မင်းသား မင်းမော်ကွန်းနဲ့ အတူ တွဲပြီး သရုပ်ဆောင်ရတဲ့ အတွက်လည်း ပျော်တယ်လို့ ဆိုပါတယ်။

“ဒီကားထဲမှာ မင်းသား နှစ်ယောက်က ကိုယ့်ကို ကြိုက်ရမယ်ဆိုတော့ ဇာတ်ညွှန်းရကတည်းက အရမ်းပျော်တာပေါ့။ ကိုကျော် (မင်းမော်ကွန်း) ဆိုတာလည်း ကိုယ်ငယ်ငယ်ကတည်းက အရမ်းကြိုက်ရတဲ့ မင်းသား။ ကိုယ်နဲ့ တွေ့ရမယ်ဆိုတော့ ပျော်တာပေါ့။ ကိုမြင့်မြတ်ကိုတော့ တွေ့ဖူးတယ်။ ကိုကျော်နဲ့သာ မဆုံဖူးတာ၊ တွဲခွင့်ရတော့လည်း ရှိန်ပြီးကြောက်တာမျိုးတွေ ရှိတယ်။ ကိုKညီဆိုလည်း ဇာတ်ကားရိုက်မှ တွေ့ဖူးတာ ဆိုပေမယ့် လိုအပ်တာတွေကို ပြောပြပေးလို့ အဆင်ပြေပြေလေးနဲ့ သရုပ်ဆောင်ရတယ်”

“ဒီကားမှာတော့ ကိုKညီရဲ့ ညီမ ဇာဇာနေရာက သရုပ်ဆောင်ထားပါတယ်။ ဇာတ်ဝင်ခန်းတွေကို ချစ်စရာကောင်း တယ်လို့ မြင်ပေးလို့ တကယ်ကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြည့်တဲ့အခါ လိုအပ်ချက်တွေ အများကြီးနဲ့လို ခံစားရတယ်။ ဒါပေမဲ့ ပရိသတ်က ဘယ်လို တုံ့ပြန်မလဲဆိုတာတော့ မျှော်လင့်မိတယ်။ မင်းသမီး ဖြစ်ချင်လို့ မျှော်လင့်တာမျိုး မဟုတ်ဘဲ ကိုယ့်လုပ်ဆောင်ချက်လေးတွေ မျှော်လင့်တာပါ”လို့ မထက်က ပြောပါတယ်။

မိတ်ကပ် မထက် (Pop Soul) ကတော့ နိုင်ငံကျော် မိတ်ကပ် ပညာရှင် တဦးဖြစ်ပြီး လိင်ပြောင်းလဲ ခွဲစိတ်ထားသူလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မင်းမော်ကွန်း၊ မြင့်မြတ်တို့နဲ့ အတူ မိတ်ကပ် ခင်စန်းဝင်း၊ ညီညီမောင် (စမ်းချောင်း) ၊ လင်းလင်း၊ မထက် (Pop Soul) တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ကို မကြာခင် ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။

You may also like these stories:

အသည်းကွဲပြီးနောက်ပိုင်းမှာ ပိုလှလာတဲ့ Makeup Artist မထက် (Pop Soul) 

၅ နှစ်တာ ကြိုက်ခဲ့တဲ့ချစ်သူနဲ့ လမ်းခွဲပြီး အသည်းကွဲနေတဲ့ မထက် (Pop Soul)

“အများစုက ရေရှည် လက်မတွဲနိုင်သလို ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်တဲ့ ဒဏ်ကို မခံနိုင်ကြဘူး”

Loading