မွမ်ဘိုင်းမြို့မှာ အခြေစိုက်တဲ့ V Unbeatable လို့ခေါ်တဲ့အကအဖွဲ့ဟာ အခုဆိုရင် နာမည်ကျော် ပြိုင်ပွဲတခုဖြစ်တဲ့ America’s Got Talent ရဲ့ ဆီမီးဖိုင်နယ်အထိ ရောက်လာပြီ ဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်ရဲ့ တရားဝင် Twitter အကောင့်မှာ “ဆီမီးဖိုင်နယ်ကို ရောက်လာတဲ့ V Unbeatable အဖွဲ့ရဲ့ ကကွက်တွေအတွက် ပြင်ဆင်ထားကြပါ” လို့ ရေးသား ဖော်ပြထားပါတယ်။
V Unbeatable အဖွဲ့ကတော့ “အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ အားတက်သရောမဲပေးမှုတွေ၊ အချစ်တွေနဲ့ ဆုတောင်းတွေကြောင့် ဆီမီးဖိုင်နယ်ဆီ တန်းတန်းမတ်မတ် ရောက်ခဲ့ပါပြီ။ ဆက်ပြီး ကျနော်တို့ကို အားပေးကြပါဦး” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
အဲ့ဒီအဖွဲ့ဟာ အသက် ၁၂ နှစ်ကနေ ၂၇ နှစ်ကြားမှာရှိတဲ့အဖွဲ့ဝင် ၂၉ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Simon Cowell အပါအဝင် အဲ့ဒီအစီအစဉ်က ဒိုင်တွေနဲ့အတူ ရုပ်ရှင်ထုတ်လုပ်သူနဲ့ ကကွက်ဖန်တီးသူ Remo D’souza တို့ကိုပါ ဂုဏ်ယူစေခဲ့တဲ့အထိ အထူးအောင်မြင်ခဲ့ပါတယ်။
ပြိုင်ပွဲမှာ အဖွဲ့အနေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ “Ram-Leela: Goliyaon Ki Rasleela” ရုပ်ရှင်ထဲက Tattad Tattad သီချင်းပိုင်ရှင် ဘောလိဝုဒ်မင်းသား Ranveer Singh ကတော့ “တကယ့်ကမ္ဘာ့အဆင့်မီ တင်ဆက်သူတွေက အိန္ဒိယကို ဂုဏ်ယူရအောင် လုပ်လိုက်ပါပြီ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကတော့ မင်းသားဟာ သူပါဝင်ထားတဲ့ “Bajirao Mastani” ရုပ်ရှင်ထဲက Malhaari သီချင်းနဲ့အဖွဲ့က ဖျော်ဖြေနေတဲ့ ဗီဒီယိုလင့်ခ်ကို မျှဝေခဲ့ပြီး Sonam Kapoor နဲ့ Varun Dhawan တို့ကလည်း အဖွဲ့ကို ဝန်းရံခဲ့ကြပါတယ်။
အခု အဲ့ဒီပြိုင်ပွဲရဲ့ ၁၄ ခုမြောက် Season မှာ ဒိုင်တွေအဖြစ် ဆောင်ရွက်ကြတဲ့ Cowell, Julianne Hough, Gabrielle Union, Howie Mandel တို့အပြင် အစီအစဉ် တင်ဆက်သူ Terry Crews ကလည်း ပြိုင်ပွဲတလျှောက်လုံးမှာ အဖွဲ့ရဲ့ ယှဉ်ပြိုင်မှုတွေကြောင့် အံ့သြမင်သက်ခဲ့ရပါတယ်။
မွမ်ဘိုင်းမြို့မှာ နေထိုင်ရတဲ့ ဘဝနဲ့ ပတ်သက်လို့ အဖွဲ့က “မွမ်ဘိုင်းမြို့မှာ နေထိုင်ရတာ တော်တော်လေး ခက်ခဲပါတယ်။ ကျနော်တို့အဖွဲ့ဝင် တော်တော်တော်များများဟာ ဆင်းရဲသား ရပ်ကွက်တွေမှာ နေထိုင်ရပါတယ်။ အဲ့ဒီဆင်းရဲသား ရပ်ကွက်တွေက လူနေ ထူထပ်တယ်။ ညစ်ပတ်တယ်။ လျှပ်စစ်မီး မရကြဘူး”
“တခန်းထဲမှာလူ ၇ ယောက်ကနေ ၁၀ ယောက်အထိ နေကြရတယ်။ အဲ့ဒီမှာ အသက်ရှင်နေထိုင်ဖို့ဟာ စိန်ခေါ်မှု တခုပါပဲ။ နေ့တိုင်း ပိုကောင်းတဲ့ ဘဝရဖို့ကျနော်တို့ ဆုတောင်းကြရပါတယ်။ ပြီးတော့ ဆင်းရဲသား ရပ်ကွက်ထဲမှာနေရတာ ကျနော်တို့အတွက် အခွင့်အလမ်း နည်းနည်းလေးပဲ ရပါတယ်”လို့ ဆိုပါတယ်။
V Unbeatable အဖွဲ့ဟာ Dance Plus အစီအစဉ်နဲ့ India Banega Manch အစီအစဉ်တွေမှာ ပါဝင်ပြီး လူသိများလာတဲ့ အဖွဲ့တဖွဲ့လည်း ဖြစ်ပါတယ်။
Ref: hindustantimes
You may also like these stories:
သီချင်းဗီဒီယို အသစ်နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန် ၃ ခုကို ချိုးဖျက်လိုက်တဲ့ BTS အဖွဲ့
‘America’s Got Talent’ ပြိုင်ပွဲမှာ Winner ဆုကို မျက်လှည့်ပညာရှင် Shin Lim ရရှိ