သြဂုတ်လ ၂၂ ရက်နေ့ဟာ အမေရိကန်နိုင်ငံက ခွေးကယ်ဆယ်ရေး စခန်းမှာရှိတဲ့ Monte ဆိုတဲ့ ခွေးလေးအတွက် ကံကောင်းတဲ့နေ့တနေ့ ဖြစ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်စ်မြို့မှာရှိတဲ့ ခွေးကယ်ဆယ်ရေးစခန်းမှ အသက် ၂ နှစ်သားအရွယ် တယ်ရီယာမျိုးစပ် ခွေးလေးကို Disney ကနေ လူသား ဇာတ်ဆောင်တွေနဲ့ ပြန်လည် ရိုက်ကူးမယ့် “Lady and the Tramp” ရုပ်ရှင်အတွက် ခွေးသရုပ်ဆောင်အဖြစ် ရွေးချယ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ခွေးလေး Monte ပါဝင်မယ့် Disney ဇာတ်လမ်းဟာ ပြီးခဲ့တဲ့နှစ်ကနေစလို့ အစပျိုးခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ခွေးလေးဟာ နယူးမက္ကဆီကို ပြည်နယ်၊ Las Cruces မြို့မှာရှိတဲ့ တခြား ကယ်ဆယ်ရေး စခန်းကန ဖီးနစ်မြို့မှာရှိတဲ့ HALO တိရစ္ဆာန် ကယ်ဆယ်ရေးစခန်းကို ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
HALO စခန်းက “နယူးမက္ကဆီကို ပြည်နယ်မှာရှိတဲ့ ကျနော်တို့ရဲ့ အိမ်နီးချင်းတွေကို ကူညီခဲ့ရတာ တကယ့်ကိုပဲ ဝမ်းမြောက်ခဲ့ရပါတယ်။ Monte လေး မွေးစားခံလိုက်ရတာမျိုး ခွေးလေးတွေကို ကူညီဖို့ သူတို့တွေနဲ့ ချိတ်ဆက်ပြီး ကျနော်တို့ အလုပ်လုပ်နေပါတယ်။ အခုတော့ သူက စတား တယောက် ဖြစ်ခဲ့ပါပြီ” လို့ Twitter မှာ ရေးတင်ခဲ့ပါတယ်။
ခွေးလေး Monte ဟာ လူချစ်ခံရတာကြိုက်သလို ရင်းနှီးလွယ်ပြီး ချစ်ဖို့ကောင်းတဲ့ ခွေးလေး တကောင် ဖြစ်တယ်လို့ ကယ်ဆယ်ရေးစခန်းမှ ဝန်ထမ်းက ဆိုပါတယ်။
Disney စီးရီးထုတ်လုပ်သူတွေကတော့ အခုနှစ် နွေရာသီအစောပိုင်းတုန်းက အဲ့ဒီကယ်ဆယ်ရေးစခန်းဆီကိုလာရောက်လည်ပတ်ခဲ့ပြီး မကြာခင် ရိုက်ကူးတော့မယ့် စီးရီးအတွက် Tramp နေရာမှာ သရုပ်ဆောင်ဖို့ Monte လေးကို ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ မင်းသား Justin Theroux ကတော့ အဲ့ဒီဇာတ်ကောင်ရဲ့ အသံပိုင်ရှင်အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
HALO တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့က “ကျနော့်တို့ဆီမှာ နာမည်ကျော် ခွေးလေးတကောင် ရှိနေပါပြီ” လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ခွေးလေး Monte နဲ့အတူ တွဲဖက်သရုပ်ဆောင်မယ့် Cocker spaniel ခွေးမလေး Rose တို့ရဲ့ ဓာတ်ပုံတို့ကို တွဲတင်ခဲ့ပါတယ်။ သူ့ကို မွေးစားတဲ့သူတွေရဲ့အဆိုအရ သူဟာ ကောင်းကောင်းနေထိုင်ပြီး ချစ်ဖို့ ကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထားပြီလို့ သိရပါတယ်။
ကယ်ဆယ်ရေးစခန်း တဖွဲ့လုံးက ခွေးလေးအတွက် ပျော်ရွှင်နေကြပြီး ရုပ်ရှင်ထွက်လာမယ့် အချိန်ကို မစောင့်နိုင်တော့ဘူးလို့ ဆိုပါတယ်။ Lady နေရာကနေ မင်းသမီး Tessa Thompson က အသံသရုပ်ဆောင်မှာ ဖြစ်ပါတယ်။ “Lady and the Tramp” ရုပ်ရှင်ကို နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ Disney+ ကနေ မိတ်ဆက်မှာ ဖြစ်ပါတယ်။
Ref: etcanada
You may also like these stories:
ရေသူမ နေရာမှာ လူမည်းသရုပ်ဆောင် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုများကို Halle Bailey တုံ့ပြန်
နောက်ဆက်တွဲ ဆက်ရိုက်ဖို့ ရှိတယ်လို့ “Aladdin” ရုပ်ရှင်ထုတ်လုပ်သူ အရိပ်အမြွက် ပြော
“Home Alone” နဲ့ “Night At The Museum” ရုပ်ရှင်တွေကို ပြန်လည် ရိုက်ကူးမယ့် Disney
Marvel မှာ Deadpool ပါဝင်လာမယ်လို့ မင်းသား Ryan Reynolds အရိပ်အမြွက် ပြော