သရုပ်ဆောင် ပိုးကြာဖြူခင်က သရုပ်ဆောင် အလုပ်တင်မကဘဲ အဆိုတော် စိန်လင်းနဲ့အတူ “You Are My Life” သီချင်းကို သီဆိုတဲ့အခါမှာလည်း ပရိသတ်များရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။
“You Are My Life သီချင်းလေးကို ပရိသတ်တွေက အရမ်းအားပေးကြတယ်။ အစက ညီမတို့က Music Video ရိုက်ပြီးမှတင်မယ်လို့ လုပ်ထားတာ။ Aroma ဖက်ရှင်ရှိုးမှာ ဆိုလိုက်တဲ့အခါ မရဘူး။ ဆိုတာကိုပဲ တင်ပေးဆိုတော့ တင်လိုက်တာ။ အဲ့လောက်ထိ လူကြည့်မယ်လည်း မထင်ခဲ့ဘူး။ တင်တာ ရက်တိုလေးအတွင်း ကြည့်တဲ့လူပေါင်း အများကြီး ဖြစ်နေတယ်။ အရမ်းလည်း ပျော်သွားတယ်။ အံ့လည်း အံ့သြသွားတယ်”
“ပရိသတ်တွေက သရုပ်ဆောင်တင် မကဘူး။ သီချင်းဆိုတာပါ အားပေးကြတာလို့ အရမ်းပျော်တယ်။ ကျေးဇူးလည်းတင်တယ်။ Music Video လည်း ရိုက်ဖို့ လုပ်ထားတယ်။ ညီမ သီချင်း စဆိုလိုက်ချိန်မှာ ပရိသတ်တွေသိပါ့မလား ကြောက်ခဲ့တယ်။ ကိုယ့်အသံကြားတာနဲ့ ကိုယ်မှန်း မသိမှာကို စိုးရိမ်တာပေါ့။ တော်တော်များများက အသိအမှတ်ပြုပြီး သိကြတော့ အရမ်းဝမ်းသာရတယ်”လို့ ပိုးကြာဖြူခင်က ပြောပါတယ်။
သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ ၁၀ လပိုင်းနဲ့ ၁၁ လပိုင်း ရောက်တဲ့အခါ မန္တလေးနဲ့ စစ်ကိုင်းမှာ “မာယာ လှည့်ကွက်” စီးရီးရိုက်ဖို့ ရှိပြီး ကာရိုက်တာအတွက် ဆံပင်အတို ညှပ်ထားတယ်လို့ ဆိုပါတယ်။
“အရင်က ဆံပင်အဖြောင့်အရှည်နဲ့ ၄ နှစ်လောက် ထားခဲ့တယ်။ ဆံပင်ဖြောင့်ရမှာ၊ ဆေးဆိုးရမှာ ကောက်ရမှာ ကြောက်တယ်။ ဆံပင်ပျက်စီးသွားမှာ ကြောက်တာပေါ့။ ဆံပင်ရှည်နဲ့ ၄ နှစ်လောက် နေခဲ့ပြီး အခု ညှပ်ရတာက ‘မာယာ လှည့်ကွက်’ ကားမှာ ဆံပင် မညှပ်ရင် မရတဲ့ ပုံစံ ဖြစ်နေတယ်”
“ဘယ်လောက် အိုက်တင်ကောင်းကောင်း ပုံစံထပ်နေပြီလို့ လူကြီးတွေက ပြောတာနဲ့ ဆံပင်ပုံစံ ချိန်းလိုက်ရတယ်။ ဆံပင်အတို ညှပ်ပြီးလည်း အတိုနဲ့ နေလိုက်တာပဲ။ ဆံပင်တုကြီး တပ်ပြီးတော့ သွားရမှာ စိတ်ထဲမှာ တမျိုးကြီးပဲ။ သူများ ဆံပင်တု တပ်လို့ လိုက်တပ်လိုက်ရင် သူနဲ့ ကိုယ်နဲ့ ရုပ်တူသွားမှာလည်း ကြောက်သေးတယ်”လို့ ပိုးကြာဖြူခင်က ပြောပါတယ်။
ဆက်လက်ပြီး ပိုးကြာဖြူခင်ကတော့ သူများနဲ့ မတူတဲ့ ပုံစံမျိုးပဲ လုပ်ချင်တယ်လို့ ဆိုပြီး ဆံပင်တိုနဲ့ မြန်မာ ဝတ်စုံ ဝတ်တဲ့အခါ Fancy ဖြစ်တဲ့ ပုံစံမျိုးတွေပဲ ဝတ်ဖြစ်တယ်လို့ ဆိုပါတယ်။
“သူများ ဆံပင်တိုနေတဲ့ ခေတ်မှာ ညီမ ဆံပင်ရှည်ချင်တယ်။ သူများ ဆံပင်ရှည်ဆိုပြီး အတုတွေ တပ်တော့ ညီမ ဆံပင်တို ချလိုက်တယ်။ သူများနဲ့ မတူတာကိုပဲ ညီမက လုပ်ချင်တယ်။ ဆံပင်ရှည်ထားတုန်းက မြန်မာဝတ်စုံဝတ်ရင် အရမ်းလှတယ်လို့ ထင်တယ်။ အခု ဆံပင်တိုနဲ့ကျတော့ မြန်မာဝတ်စုံ ဝတ်ရင်တောင် Fancy ဖြစ်တဲ့ မြန်မာပုံစံမျိုးနဲ့ပဲ လိုက်တယ်လို့ ထင်တယ်။ ဆံပင်က လူတွေရဲ့ ကာရိုက်တာကို အများကြီး ပြောင်းလဲစေပါတယ်”လို့ ပိုးကြာဖြူခင်က ပြောပါတယ်။
သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲများစွာ ရိုက်ကူးထားပြီး MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “မိုးကောင်းကင် အိပ်မက်” ဇာတ်လမ်းတွဲထဲက “ဆိုင်းမိုင်” ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်များက အထူး အားပေးခဲ့ကြတာ ဖြစ်ပါတယ်။
You may also like these stories:
ဇာတ်လမ်းတွဲတွေ ရိုက်နေတာကြောင့် ရုပ်ရှင်ကားတွေ လက်လွှတ်လိုက်ရတဲ့ ပိုးကြာဖြူခင်
“အခွင့်အရေး ရမယ်ဆိုရင် အက်ရှင်ကား ရိုက်ချင်တယ်”လို့ ပြောတဲ့ ပိုးကြာဖြူခင်
Star Awards ဆုအတွက် ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲ မင်းသား ကျော်ထက်ဇော်
Star Awards က ပေးမယ့် “ဇာတ်လမ်းတွဲ အမျိုးသမီး ဇာတ်ဆောင်ဆု” တစ်ပြေးနေကြသူများ