ဝါရင့် ဟာသသရုပ်ဆောင် တယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ အခုအချိန်ထိ အောင်မြင်မှုကို ထိန်းထားနိုင်ပြီး တချိန်က လောင်းကစားကြောင့် ဘဝပျက်ခဲ့ဖူးတာကြောင့် အခုအချိန်မှာ လောင်းကစားကို စွန့်လွှတ်ထားတယ်လို့ ပြောပါတယ်။
“လောင်းကစား မကြိုက်ဘူး။ အရင်တုန်းက ပွဲသွားကရင် ကိုယ့်အရှေ့မှာ လောင်းကစားခုံတွေ အများကြီးရှိတယ်။ လောင်းကစား မဆော့ဘူး။ ငယ်ငယ်တုန်းကတော့ ဖဲတွေဘာတွေ ရိုက်ရင် လက်အရမ်းကြီးလို့ အရှုံးအနိုင်ကို ကြမ်းမှ ကြိုက်တာဆိုတော့ စီးပွားပျက်မယ့် ကိစ္စဖြစ်နေတော့ အဲဒါကို လုံးဝ စွန့်လွှတ်တယ်။ လောင်းကစား လုံးဝ မလုပ်ဘူး၊ ဘောလုံးပွဲလည်း မကြည့်ဘူး၊ မကြိုက်လည်း မကြိုက်ဘူး။ လောင်းလည်းမလောင်းဘူး”လို့ ခင်လှိုင်ပြောပါတယ်။
ယခင်က နှစ်လုံးထီ လောင်းကစားကြောင့် ရှိသမျှ အိမ်တွေ၊ ကားတွေ ဆုံးရှုံးခဲ့ရပြီး လောင်းကစားနဲ့ မူးယစ်ဆေးဝါးက အရက်သောက်ခြင်းထက် ပိုမိုဆိုးဝါးတယ်လို့ ခင်လှိုင်က ဆိုပါတယ်။
“နှစ်လုံးထီကြောင့် ဘဝပျက်ခဲ့ဖူးတယ်။ အိမ်တွေ၊ ကားတွေ ပါသွားခဲ့တော့ ဒီတခါလုပ်ရင် သူတောင်းစားဖြစ်တော့မယ်။ ကျနော့်အသိနဲ့ ပြောတာပေါ့။ ဘာမှတော့ မကောင်းဘူး။ မူးယစ်ဆေးဝါးပဲဖြစ်ဖြစ်၊ လောင်းကစားပဲဖြစ်ဖြစ်၊ သေရည်သေရက်ပဲဖြစ်ဖြစ် ဖြည့်တွေးမယ်ဆိုရင် အရက်ကမှ တော်ဦးမယ်။ ၁ သိန်းတန် သောက်မှာလား၊ ၂သိန်းတန် သောက်မှာလားပေါ့။ ပြီးရင် မူးပြီး အိပ်သွားမယ်။ လောင်းကစားမှာက Limit မရှိဘူး၊ မူးယစ်ဆေးဝါးမှာလည်း မရှိဘူး။ လောင်းကစားက ရှုံးရင် မျောမယ်၊ မျောရင် ကုန်မယ်”လို့ ခင်လှိုင်က ပြောပါတယ်။
လောင်းကစားဆိုတာ ကောင်းကျိုးပေးတဲ့အရာ မဟုတ်တဲ့အကြောင်းကိုလည်း ခင်လှိုင်က “လောင်းကစားသမားတွေပြောတဲ့ စကားတခု ရှိတယ်။ လှေမျော၊ လှေနဲ့လိုက်၊ ရေမျော ရေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်တဲ့။ ဒီစကားကတော့ သူတို့အတွက်တော့ မှန်လိမ့်မယ်။ အရင်းရရင် တော်ပြီကွာဆိုတာ ရှိသေးတယ်။ အရင်းရချင်ရင် အစကတည်းက မဆော့နဲ့ပေါ့။ လောင်းကစားကတော့ ဘယ်လိုမှ ကောင်းကျိုးမပေးတဲ့ အရာ” လို့ ပြောပါတယ်။
လက်ရှိ ရုံတင်ပြသနေတဲ့ “ဂျင်ပါတီ” ရုပ်ရှင်ကားမှာတော့ ခင်လှိုင်က အစ်ကိုဖြစ်သူကို လိမ်တဲ့သူအနေနဲ့ သရုပ်ဆောင်ထားပြီး ရိုက်ကွင်းမှာ မင်းမော်ကွန်းနဲ့ အံစာခေါက်တဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
“အမှတ်တရဆိုရင်တော့ ကျော်ကျော်(မင်းမော်ကွန်း)နဲ့ တချိန်လုံး အံစာ ခေါက်နေတာပဲ။ သူက သူ့ရဲ့ ကာရိုက်တာအရ လောင်းကစားသမား ဆိုတော့လေ။ ၁၀၀ ကြေးလောက် ဆော့တာတောင် တော်တော် ရှုံးတယ်။ မိန်းမက နောက်တော့ မပေးတော့ဘူး။ ၃ ထောင်လောက် ရှုံးတော့ မျက်နှာ ပျက်သွားတယ်”လို့ ခင်လှိုင်က ပြောပါတယ်။
သရုပ်ဆောင် ခင်လှိုင်ဟာ သရုပ်ဆောင် နေရဲနဲ့ သဇင်ထူးမြင့်တို့ရဲ့ ဖခင်ဖြစ်ပြီး သားနဲ့ သမီးကလည်း အနုပညာလောကထဲ ကိုယ်စီ လျှောက်လှမ်းနေကြပြီ ဖြစ်ပါတယ်။ ခင်လှိုင်ကတော့ အနုပညာလောကမှာ အချိန်တော်ကြာ ရပ်တည်နေတဲ့ ဟာသ သရုပ်ဆောင်တဦး ဖြစ်သလို လူရွှင်တော် တဦးလည်း ဖြစ်ပါတယ်။
You may also like these stories:
မြင့်မြတ်ရဲ့ သားဦးလေးအတွက် ခင်လှိုင်ရဲ့ဆုတောင်းစကား
“ဘော်ဘော်ကထှော်”မှာ တကိုယ်လုံးက တက်တူးတွေကို ဖျောက်ပြီး သရုပ်ဆောင်ထားတဲ့ ခင်လှိုင်