Entertainment

"တယောက်တည်းကိုပဲ ဆင်ဆာဖြတ်တယ်ဆိုရင် ဝမ်းနည်းမိမှာ"လို့ သင်ဇာဝင့်ကျော် ပြော

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် မြင့်မြတ်နဲ့အတူ နာမည်ကျော် မင်းသမီး ၃ ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်၊ အိချောပို၊ မေမြင့်မိုရ်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ “အချစ်ဆုံး Crush” ရုပ်ရှင်မှာ သင်ဇာဝင့်ကျော် ပါဝင်တဲ့ တချို့သော ဇာတ်ဝင်ခန်းများကို ဆင်ဆာဖြတ်ခံထားရတယ်လို့ သိရပါတယ်။

“အမှတ်တရကတော့ ဆင်ဆာ အဖြတ်ခံရတဲ့ အခန်းပေါ့။ ဘာကြောင့် ဖြတ်လဲတော့ မသိဘူး။ ပရိုဂျူဆာ ပြောတာကတော့ တချို့အခန်းတွေက ဆင်ဆာ အဖြတ်ခံရတယ်။ တချို့အခန်းတွေက ဝါးခံရတယ်။ အဲဒါလေးတွေက အမှတ်တရ ဖြစ်တာပေါ့”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

ဆင်ဆာဖြတ်ခံရတဲ့ အကြောင်းရင်းကိုတော့ မသိရဘဲ မင်းသမီး ၃ ယောက်ထဲမှာ သူ့တယောက်တည်းကိုပဲ ဖြတ်တာဆိုရင်တော့ ဝမ်းနည်းမိမှာလို့ သင်ဇာဝင့်ကျော်က ဆိုပါတယ်။

“ဒီလိုမျိုး ဝတ်တာချင်းအတူတူ သူများတွေကိုလည်း ဆင်ဆာ ဖြတ်တယ်၊ ကိုယ့်ကိုလည်း ဖြတ်တယ်ဆိုရင် ကိစ္စ မရှိဘူး။ ကိုယ့်ကိုမှ ရွေးဖြတ်တယ်ဆိုရင် ဝမ်းနည်းမိမှာတော့ အမှန်ပဲ။ သူတို့က လုပ်သင့်လုပ်ထိုက်လို့ လုပ်တယ်ပဲ ခံယူထားပါတယ်။ ဒါပေမဲ့ ကိုယ်ကလည်း အတတ်နိုင်ဆုံး ကြိုးစားတဲ့အချိန်မှာ ဒီလိုမျိုးဖြစ်တော့ ဝမ်းတော့ ဝမ်းနည်းတာပေါ့”လို့ သင်ဇာဝင့်ကျော်က ဆင်ဆာဖြတ်ခံရတဲ့ ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ဒီကားထဲမှာတော့ သင်ဇာဝင့်ကျော်က ချမ်းသာတဲ့ မိသားစုက မွေးဖွားလာတဲ့ ဂျက်စမင်ဆိုတဲ့ ကောင်မလေး အဖြစ် သရုပ်ဆောင်ထားပြီး ဒီလို ကာရိုက်တာမျိုးကို အရင်က မလုပ်ဖူးဘူးလို့လည်း ဆိုပါတယ်။

“ကာရိုက်တာကတော့ ဂျက်စမင်ဆိုတဲ့ ကောင်မလေးပေါ့။ မိဘက ပိုက်ဆံချမ်းသာတယ်။ မြင့်မြတ်က ကိုယ့်ကို ကြိုက်လာအောင် သွေးဆောင် ဖြားယောင်းရတဲ့ ပုံစံမျိုးပေါ့။ အပြောအဆို၊ အိုက်တင် အကြည့်လေးတွေအစ အရင်ကားတွေနဲ့ မတူအောင် အရင်ကလည်း ဒီလို တခါမှ မလုပ်ဖူးဘူးဆိုတော့ ကြိုးစားထားပါတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်ကတော့ အပြင်မှာ အချစ်ရေးကို သူ့ဘက်က လိုက်ရတာ ဝါသနာ မပါဘဲ သဘောကျတဲ့သူ ရှိခဲ့ရင်လည်း ဖွင့်ပြောတဲ့အထိ ရှေ့မဆက်ဘူးလို့ ပြောပါတယ်။

“အပြင်မှာတော့ ကိုယ်က လိုက်ရတာ ဝါသနာ မပါဘူး။ ကိုယ်က ကောင်လေး တယောက်ကို စိတ်ဝင်စားတယ်ဆိုရင် သြော် သူ့ကို သဘောကျတယ်ပေါ့။ ဖွင့်ပြောတဲ့အထိတော့ ရှေ့မဆက်ဘူး”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်တို့ လူငယ်ဘဝက အချစ်ရေးနဲ့ အခုခေတ် လူငယ်တွေရဲ့ အချစ်ရေး အခြေအနေ ဘယ်လို ကွာခြားမှုရှိလဲ ဆိုတာကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ကိုယ်မသိတဲ့ အကြောင်းအရာ တခုအတွက်တော့ မဝေဖန်ချင်ပါဘူး။ ကိုယ်တွေတုန်းကတော့ လူငယ် ဆန်ဆန်ပဲ ဖြတ်သန်းခဲ့တာ။ ဘဝကို သိပ်ပြီးတော့လည်း ချုပ်နှောင်ထားခြင်း မရှိဘူး။ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်းပဲ နေခဲ့တယ်။ ဟန်ဆောင်တာတွေ၊ ဘာတွေလည်း မရှိခဲ့ဘူး။ သင်ဇာတို့ရဲ့ ဟိုးအရင်က အချစ်ပေါ့” လို့ သင်ဇာဝင့်ကျော်က ဆိုပါတယ်။

သင်ဇာဝင့်ကျော် Crush ရတဲ့သူက ဘယ်သူဖြစ်မလဲဆိုတဲ့ အမေးကိုတော့ “ဒီ Crush ဆိုတဲ့ စကားလုံးက အခုမှ ရေပန်းစားလာတာ။ ကိုယ်တွေ ခေတ်တုန်းက ပေါ်လည်း မပေါ်သေးဘူး။ ဗန်းစကားတခုလို့ပဲ မြင်ပါတယ်။ သင်ဇာ့မှာလည်း ရှိတယ်၊ ဘရက်ပစ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading