ဇာတ်လမ်းတွဲများ ရိုက်ကူးခဲ့ရာမှတဆင့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလာရတဲ့ သရုပ်ဆောင် မေမြင့်မိုရ်ကတော့ လွန်ခဲ့တဲ့ ၁ ပတ်ခန့်က သူ့ရဲ့ မျက်လုံး နှစ်လုံးကို လေဆာနဲ့ ပါဝါဖျောက်ခဲ့တယ်လို့ ပြောပါတယ်။
“မျက်လုံးက လေဆာနဲ့ ပါဝါဖျောက်ထားတာ၊ အချိန်က တပတ်လောက်ပဲ ရှိသေးတယ်။ လေဆာလုပ်ထားတာဆိုတော့ ဘယ်ဘက်က နည်းနည်းနီနေတာတော့ ကျန်နေတယ်။ တော်တော်တော့ အမြင် ကြည်လင်သွားပြီ”လို့ မေမြင့်မိုရ်က ပြောပါတယ်။
မျက်လုံးလုပ်ထားတာကြောင့် ၃ ပတ်ခန့် အနားယူဖို့ ပြောထားပေမယ့် ပွဲတွေတော့ တက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“IQ Vision မှာ လုပ်ထားတာ။ နားရမှာတော့ ၃ ပတ်လောက် နားရမယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ပွဲတွေ တက်ရမှာဆိုတော့ ဒီလိုပဲ လုပ်ဖြစ်နေတာ”လို့ မေမြင့်မိုရ်က ဆိုပါတယ်။
မေမြင့်မိုရ်က အဝေးမှုန်ဖြစ်တဲ့အတွက် မျက်မှန်၊ မျက်ကပ်မှန် မတပ်တဲ့အခါ နည်းနည်းဝေးရင် သိပ်မမြင်ရတာကြောင့် အခုလို လေဆာပါဝါဖျောက်ခြင်းကို ပြုလုပ်ခဲ့တာဖြစ်ပြီး အခုတော့ အဆင်ပြေသွားပြီလို့ ပြောပါတယ်။
“အစကပါဝါ ၃၀၀ ကို အဝေးမှုန်ဆိုတော့ လူတွေကို နည်းနည်းလေး ဝေးတာနဲ့ မမြင်ရဘူး။ မျက်ကပ်မှန်လည်း မတပ်ဘူး၊ မျက်မှန်လည်း မတပ်ဘူးဆိုတော့ နည်းနည်းတော့ ဒုက္ခရောက်တာပေါ့။ အခုတော့ ကြည့်ရတာ ကြည်လင်သွားပြီ။ စစလုပ်ချင်း ၂ ရက်၊ ၃ ရက်ကတော့ မျက်လုံးထဲမှာ တခုခု ရှိနေသလိုမျိုးတွေ ဖြစ်တာပေါ့။ အခုကတော့ တော်တော် အဆင်ပြေသွားပြီ”လို့ မေမြင့်မိုရ်က ပြောပါတယ်။
လတ်တလောမှာလည်း မေမြင့်မိုရ်က သူ့ရဲ့ စီနီယာ သရုပ်ဆောင်များဖြစ်ကြတဲ့ မြင့်မြတ်၊ သင်ဇာဝင့်ကျော်၊ အိချောပိုတို့နဲ့ အတူ ရိုက်ကူးထားတဲ့ “အချစ်ဆုံး Crush” ရုပ်ရှင်ကားကြီးလည်း မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
“ဒီကားထဲမှာတော့ ကိုယ့်ချစ်သူကို နားလည်မှုအပြည့်နဲ့ ချစ်တယ်၊ အရာအားလုံးကို ခွင့်လွှတ်ပေးပြီး အရမ်း အချစ်ကြီးတဲ့ ကောင်မလေး တယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။
အပြင်က ကာရိုက်တာနဲ့ တူတဲ့အတွက် အရမ်းကြီး လုပ်စရာ မလိုခဲ့ဘဲ မေမြင့်မိုရ်က သူ့အနေနဲ့လည်း Crush ဆိုတာကို ရင်ထဲက တကယ်ချစ်နေတဲ့ သူတယောက်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
“အချစ်ဆုံး Crush” ရုပ်ရှင်ဇာတ်ကားကိုတော့ သြဂုတ်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။