မြောက်အမေရိကရဲ့ နွေရာသီကာလမှာ နောက်ဆက်တွဲ ဇာတ်လမ်းတွေ တော်တော်လေး အခြေအနေ ကောင်းနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကမှ ရုံတင်တဲ့ “Angel Has Fallen” ရုပ်ရှင်ဟာ ပြည်တွင်း ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၂၁ ဒဿမ ၂ သန်း ရရှိခဲ့ပြီး ရုံဝင်ငွေ စာရင်းရဲ့ နံပါတ် ၁ နေရာကို ရယူထားနိုင်ခဲ့တာ တွေ့ရပါတယ်။
အခုလိုမျိုး ဝင်ငွေ အားကောင်းဖို့အတွက် သြဂုတ်လကုန်ပိုင်းကို စတူဒီယိုရဲ့ နည်းဗျူဟာအရ စောင့်ဆိုင်းခဲ့တယ်လို့ Lionsgate ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Olympus Has Fallen” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းမှာ မင်းသား Gerard Butler က သမ္မတကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး နာမည်ဆိုး ရရှိခဲ့ပြီးနောက် အဲဒီ နာမည်ဆိုးကို ပြန်ချေဖျက်မယ့် လျှို့ဝှက်အေးဂျင့် Mike Banning အဖြစ် ပြန်လည်ပါဝင် သရုပ်ဆောင်ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရုံဝင်ငွေ ချန်ပီယံဖြစ်ခဲ့တဲ့ “Good Boys” ကတော့ ဝင်ငွေ ဒေါ်လာ ၁၁ ဒဿမ ၇ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ သီတင်းနှစ်ပတ်ပေါင်း ဝင်ငွေကတော့ ဒေါ်လာ ၄၂ သန်း ဖြစ်ပါတယ်။ သီတင်းပတ်ကုန်ပိုင်းရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင် ၅ ကားထဲမှာ ပါဝင်လာတာကတော့ “Overcomer” ရုပ်ရှင်ဖြစ်ပြီး ဒေါ်လာ ၈ ဒဿမ ၂ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
Disney ရဲ့ “The Lion King” ရုပ်ရှင်ကတော့ ဒေါ်လာ ၈ ဒဿမ ၁ သန်း ဝင်ငွထပ်ရခဲ့ပြီး ရုံတင်ချိန် ဆဋ္ဌမမြောက် သီတင်းပတ်အတွင်း စုစုပေါင်း ဝင်ငွေ ဒေါ်လာ သန်း ၅၁၀ ရရှိခဲ့ပြီး ဖြစ်ပါတယ်။ “Fast & Furious Presents: Hobbs & Shaw” ရုပ်ရှင်ကတော့ ဒေါ်လာ ၈ ဒဿမ ၁ သန်း ဝင်ငွေရရှိခဲ့ပြီး ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။
Box Office Mojo ရဲ့ အဆိုအရ “Hobbs & Shaw” ရုပ်ရှင်ဟာ တရုတ်နိုင်ငံမှာ ပြသခဲ့စဉ် ဒေါ်လာ သန်း ၁၂၀ ဝင်ငွေ ရရှိခဲ့ပြီးနောက် သြဂုတ်လအတွင်း တရုတ်နိုင်ငံမှာ ပြသခဲ့တဲ့ ရုပ်ရှင်တွေထဲမှာတော့ ဝင်ငွေ အကောင်းဆုံး ဖြစ်လာခဲ့ပါတယ်။ အခုတော့ အဲ့ဒီရုပ်ရှင်ဟာ ကမ္ဘာတဝန်းကနေ ဝင်ငွေ ဒေါ်လာ ၅၈၈ ဒဿမ ၉ သန်း ရရှိထားပြီး ဖြစ်ပါတယ်။
Ref: etcanada
You may also like these stories:
မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ‘The Predator’ ရုပ်ရှင် ထိပ်ဆုံးရောက်နေ
မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာ ထိပ်ဆုံးရောက်ရှိနေတဲ့ “Ocean’s 8” ရုပ်ရှင်
“Hobbs And Shaw” ရုပ်ရှင်ဝင်ငွေကို ကျော်မတက်နိုင်တဲ့ “Scary Stories to Tell in the Dark”