မင်းသား လီယိုနာဒို ဒီကာပရီယို တည်ထောင်ထားတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တဖွဲ့ ဖြစ်တဲ့ Earth Alliance အဖွဲ့ဟာ ရက်အတော်ကြာ ဆိုးဆိုးရွားရွား လောင်ကျွမ်းနေတဲ့ အမေဇုန် မီးဘေးအတွက် ဒေါ်လာ ၅ သန်း လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့မှာ အဖွဲ့ရဲ့ အစီအစဉ်တွေကို စတင်ခဲ့ပြီးတဲ့နောက် အမေဇုန် သစ်တောရန်ပုံငွေကို လှူဒါန်းခဲ့ပြီး အမေဇုန်တောအတွင်းက တောတွင်း တိရစ္ဆာန်တွေကို ကာကွယ်ဖို့ ဒေသတွင်း မိတ်ဖက် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လူမှုအသိုင်းဝန်းတွေနဲ့အတူ ပူးတွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီ ရန်ပုံငွေတွေကို ဒေသဆိုင်ရာ အဖွဲ့အစည်း ၅ ဖွဲ့ကို လှူဒါန်းမှာ ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံရဲ့ အာကာသသုတေသန အမျိုးသား အင်စတီကျုရဲ့အဆိုအရ မီးလောင်ကျွမ်းတဲ့နေရာ ၇၂,၀၀၀ ကျော်ရှိနေပြီး ပြီးခဲ့တဲ့နှစ်မှာ မီးလောင်ကျွမ်းတဲ့ အကြိမ်ရေက ၄၀,၀၀၀ ကျော်သာ ရှိခဲ့တာကြောင့် ၂ ဆ ပိုမို များပြားလာတယ်လို့ တွေ့ရပါတယ်။ ဒါ့အပြင် ကျွဲနွား မွေးမြူရေးနဲ့ ကောက်ပဲသီးနံှ စိုက်ပျိုးရေးတွေကြောင့် တောရှင်းလို့ သစ်တောပြုန်းတီးမှုကလည်း မြင့်တင်လာတယ်လို့လည်း ဆိုပါတယ်။
အခုလို မီးလောင်ကျွမ်းမှု အခြေအနေတွေကြောင့် အွန်လိုင်းပေါ်မှာ ပြောဆိုဝေဖန်တာတွေ ရှိလာခဲ့ပြီး နာမည်ကျော်ကြားသူ တချို့ကတော့ အခုလို အမေဇုန်တောကြီး မီးလောင်မှုအပေါ် သတိထား၊ သိရှိကြဖို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို အသုံးပြုလာကြပါတယ်။
မင်းသား လီယိုနာဒိုက “ကမ္ဘာပေါ်မှာ အကြီးမားဆုံး မိုးသစ်တောဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု အဖြေရှာရာမှာ အဓိကကျတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အမေဇုန် မရှိရင် ကမ္ဘာကြီးရဲ့ ပူနွေးလာမှုကို ကျနော်တို့ ထိန်းသိမ်းနိုင်တော့မှာ မဟုတ်ပါဘူး”လို့ သူ့ရဲ့ Instagram အကောင့်မှာ ရေးသား တင်ထားပါတယ်။
မင်းသား လီယိုနာဒို၊ Laurene Powell Jobs နဲ့ Brian Sheth တို့ ထူထောင်ထားတဲ့ Earth Alliance အဖွဲ့ဟာ ဂေဟစနစ်၊ တောရိုင်းတိရိစ္ဆာန်တွေ ကာကွယ်ဖို့၊ ရာသီဥတု သမမျှတမှု ရှိစေဖို့၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို ထောက်ပံ့ဖို့၊ ဒေသခံ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ လုပ်ဆောင်နေကြတဲ့ သိပ္ပံပညာရှင်တွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ ပါဝင်တဲ့ လွတ်လပ်တဲ့ စီမံခန့်ခွဲရေး အဖွဲ့ကနေ ဦးဆောင်တဲ့ ရာသီဥတု ပြောင်းလဲမှု ထိန်းသိမ်းရေးအဖွဲ့ ဖြစ်ပါတယ်။
Ref. Variety
You may also like these stories:
ရက်အတော်ကြာ အဆိုးရွားဆုံး မီးလောင်ကျွမ်းနေတဲ့ အမေဇုန်သစ်တောကြီး
ဘိုင်ကယ်ရေကန်ကို ကယ်တင်ဖို့ မင်းသား လီယိုနာဒိုအား ရုရှားနိုင်ငံသားများ တောင်းဆိုနေကြ
အပြင်မှာလည်း အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြတဲ့ အနုပညာရှင်များ