တည်ငြိမ်တဲ့ Relationship တခုကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် စည်ဖြိုးကတော့ စီးပွားရေးလုပ်ငန်းများ အခြေကျ အောင်မြင်ပြီး ဘဝအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသွားတဲ့အချိန် မင်္ဂလာပွဲကို ချက်ချင်း လုပ်ဖြစ်မယ်လို့ ပြောပါတယ်။
“ကျနော်တို့က အေးအေးဆေးဆေးပဲ ရှိပါသေးတယ်။ လောလောဆယ်က အနုပညာလုပ်ငန်းအပြင် တခြားစီးပွားရေး လုပ်ငန်းတွေလည်း ၃ ၊ ၄ ခု Run နေတာဖြစ်တဲ့အတွက် အဲဒါလေးတွေ အခြေကျ အောင်မြင်သွားပြီလို့ ကိုယ့်ကိုယ်ကိုယ် ခံယူပြီဆိုရင်တော့ ဘဝအတွက် ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ရှိသွားပြီပေါ့။ သူများသားသမီးကို တာဝန်ယူဖို့ အတွက်။ အဲဒါဆိုရင်တော့ ချက်ချင်းကောက် လုပ်ဖြစ်မှာပါ”လို့ စည်ဖြိုးက ပြောပါတယ်။
မင်္ဂလာပွဲလုပ်တဲ့အခါမှာလည်း ထွေထွေထူးထူး လုပ်ဖြစ်မှာ မဟုတ်ဘဲ လှူဒါန်းမှုများ ပြုလုပ်ဖို့အတွက်သာ စဉ်းစားထားတယ်လို့ သိရပါတယ်။
“ကျနော်တို့ ထွေထွေထူးထူးကြီးတော့ လုပ်မှာ မဟုတ်ပါဘူး။ ကျနော်တို့ မင်္ဂလာဆောင်က ခမ်းနား ထည်ဝါတာထက်ကို ကျနော်တို့ ဘယ်လောက် လှူမယ်၊ ဘယ်လို လှူမယ်ဆိုတာက ပိုအရေးကြီးပါတယ်” လို့ စည်ဖြိုးက ပြောပါတယ်။
ချစ်သူကတော့ နားအေးပါးအေး နေတတ်တဲ့ သူတယောက်ဖြစ်ပြီး စည်ဖြိုးအနေနဲ့လည်း ရုပ်ရှင်ထဲမှာသာ သရုပ်ဆောင်တတ်တာဖြစ်ပြီး အပြင်မှာတော့ စိတ်ကောက်ရင် ချော့တတ်တဲ့ သူတယောက် မဟုတ်ဘူးလို့ သိရပါတယ်။
ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ကားများ ရိုက်ကူးထားတဲ့အတွက်လည်း အဆိုပါ ရုပ်ရှင်ကားများ ရုံတင်ပြသနိုင်ဖို့ အတွက်ကိုလည်း လုံးပန်းနေရတယ်လို့ သိရပါတယ်။
“အနုပညာလှုပ်ရှားမှုကတော့ ဘာမှတော့ မရှိသေးဘူး။ ကျနော်တို့ တိုက်က ရိုက်ထားတဲ့ တလုံးချိုင့်တို့၊ လူကောင်လေးတို့၊ နတ်သမီးတို့၊ တသက်စာတို့ ဘယ်ဟာကို အရင်တင်ခွင့်ရမလဲ ဆိုတာကို လုံးပန်းနေပါတယ်”လို့ စည်ဖြိုးက ပြောပါတယ်။
မကြာခင်ကလည်း စည်ဖြိုး ပါဝင် သရုပ်ဆောင်ထားတဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခဲ့ပြီး ပရိသတ်ကြိုက် နှစ်ခဲ့တဲ့ ရုပ်ရှင်ကားတကားလည်း ဖြစ်ခဲ့ပါတယ်။
အနုပညာအလုပ်အပြင် တခြားသောစီးပွားရေးလုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိတဲ့ စည်ဖြိုးကတော့ မိုးကုတ်မှာ ကျောက်အရောင်းအဝယ်လုပ်ခဲ့စဉ်က အဖြစ်အပျက်တခုကို ပြောပြခဲ့ပါသေးတယ်။
“ကျနော်က အပြင်စီးပွားရေးအနေနဲ့ မိုးကုတ်ကျောက်လုပ်တော့ မိုးကုတ် တခါသွားတုန်းက ကိုယ့်ကို ဂျင်းထည့်တဲ့ ဂျင်တွေနဲ့ တွေ့ခဲ့ရတာပေါ့နော်။ မင်းသား မင်သားဆိုပြီးတော့ ကျနော့်ကို ဂျင်းထည့်ကြတာပေါ့။ မိုးကုတ်ကို ပထမဆုံး ကျောက်သွားဝယ်တုန်းကပေါ့” လို့ စည်ဖြိုးကပြောပါတယ်။
စည်ဖြိုးတို့ မိသားစုကတော့ အလှူအတန်းများစွာ လုပ်တဲ့ မိသားစုတစု ဖြစ်ပြီး အမြဲတမ်းလည်း အလှူဒါနများစွာ ပြုလုပ်လျက် ရှိပါတယ်။
You may also like these stories:
အနုပညာဆန်တဲ့ စီးပွားရေးတွေ လုပ်ဖြစ်နေတဲ့ သရုပ်ဆောင် စည်ဖြိုး
သတ်ကွင်း ရုပ်ရှင်ကားကို တောထဲမှာ တကယ်ဖြတ်သန်းပြီး ရိုက်ခဲ့တဲ့ စည်ဖြိုး
မွေးနေ့ကို အလှူလုပ်ရင်းဖြတ်သန်းခဲ့တဲ့ သရုပ်ဆောင်စည်ဖြိုး