အသံအားကောင်းကောင်းနဲ့ သီချင်းအေးအေးလေးတွေ သီဆိုတတ်တဲ့ အဆိုတော် ဖြိုးပြည့်စုံကတော့ သူရဲ့ သီချင်းတွေကို ပြန်ဆိုနေကြတဲ့အပေါ် မူပိုင်ခွင့်အရ ခွင့်တောင်းပြီး လုပ်ရင် မကြည်ဖြူစရာ မရှိပါဘူးလို့ ဆိုပါတယ်။
“ကျနော့် သီချင်းတွေကို ပြန်ဆိုကြတာ ရှိတယ်။ သီချင်းကို ချစ်လို့၊ ကြိုက်လို့ ဆိုတာကိုလည်း ကြိုဆိုပါတယ်။ ဒါပေမဲ့ တချို့သီချင်းတွေကျတော့ မူပိုင်ခွင့်အရ ခွင့်တောင်းရတာမျိုးတွေ ရှိတယ်။ ခွင့်တောင်းပြီး လုပ်ရင်လည်း မကြည်ဖြူစရာ မရှိပါဘူး။ ကျနော်တို့လည်း အသစ်ကနေ၊ ပြိုင်ပွဲတွေကနေ တက်လာရတာဆိုတော့ မျိုးဆက်သစ်တွေကို အားပေးပါတယ်။ ကြိုးစားပါ”လို့ အဆိုတော် ဖြိုးပြည့်စုံက ပြောပါတယ်။
ဆက်လက်ပြီး ဖြိုးပြည့်စုံက ဒီနေ့ခေတ်မှာ Album အခွေလိုက် ထွက်တာထက်စာရင် Single Song သီချင်း တပုဒ်ချင်းစီက ပရိသတ်နဲ့ ပိုပြီး ထိတွေ့ခွင့်ရတယ်လို့ ပြောပါတယ်။
“Single Song တွေ ထွက်နိုင်တော့ ပရိသတ်နဲ့ ထိတွေ့ခွင့်တွေ အခွင့်အရေးတွေ ပိုရတယ်။ အယ်လ်ဘမ်တခုလုံး ထုတ်ဖို့ကျတော့ အချိန်ရော ငွေရော ကုန်တယ်လေ။ အွန်လိုင်းကနေ သီချင်းကောင်းတွေ တင်နိုင်တဲ့ အခွင့်အရေး ပိုသာတာပေါ့”လို့ ဖြိုးပြည့်စုံက ဆိုပါတယ်။
ဖြိုးပြည့်စုံကတော့ ဒီနှစ်ထဲမှာ Single သီချင်း ၅ ပုဒ် ထွက်ထားပြီး တကိုယ်တော် Album အခွေလည်း ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။
“ကျနော်က ဒီနှစ်ထဲမှာ Single Song တွေ ၅ ပုဒ် ထွက်တယ်၊ Mini Album လေးတွေ ထွက်တယ်၊ Group Album တွေ ထွက်တယ်။ Solo Album က ‘မျှော်နိုင်သမျှ’ ထွက်ပြီး နောက်ထပ် မရှိသေးတော့ နှစ်ဆန်း ပိုင်းလောက်မှာ ထွက်ဖို့ လုပ်နေတယ်။ ၃ နှစ်လောက်တော့ ရှိပြီ။ ဆိုနေကျ မဟုတ်တဲ့ ပုံစံလေးတွေလည်း ပါမယ်။ ကြားထဲမှာ Single Song တွေ ထွက်ရင်းနဲ့ အထွက်လွန်နေတာ ၅ ပုဒ်ရှိပြီ၊ များသွားတော့ ပြန်ပြီး ဘရိတ် အုပ်ထားရတယ်”
“အခုနောက်ဆုံး ထွက်ထားတာကတော့ V7 Entertainment ကနေထုတ်ပေးတဲ့ ‘ရင်ကွဲနာ’ သီချင်းလေး ထွက်ထားပါတယ်။ ကျနော်ကတော့ လွမ်းတာတွေ များတော့ သက်သက်ကြီး ခံစားပြီး ဆိုထားတာတော့ မဟုတ်ပါဘူး။ ကိုယ်အားသန်တဲ့ သံစဉ်ဖြစ်နေတော့ အဆင်ပြေနေတာမျိုးပါ။ “ရင်ကွဲနာ’ သီချင်းကို ရေးပေးထားတာကလည် တေးရေး အသစ်ပါပဲ”လို့ ဖြိုးပြည့်စုံက ပြောပါတယ်။
တကိုယ်တော် ဖျော်ဖြေပွဲလုပ်ဖို့တော့ ကိုယ့်ကိုယ်ကိုယ် အားမရသေးဘူးဆိုတဲ့ ဖြိုးပြည့်စုံက အဆိုတော် Jewel နဲ့တွဲပြီးတော့ ရှိုးလုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အဆိုတော် ဖြိုးပြည့်စုံကတော့ “မျှော်နိုင်သမျှ” ဆိုတဲ့ တကိုယ်တော် တေးစီးရီး ထွက်ရှိထားပြီး ပရိသတ်တွေ နှစ်သက်ကြတဲ့ အချစ်သီချင်း၊ အလွမ်းသီချင်း၊ အသည်းကွဲသီချင်းများကို သီဆိုနေသူ တဦး ဖြစ်ပါတယ်။
You may also like these stories:
“ဂီတဆိုတာ အားလုံးသောက်သုံးနိုင်တဲ့ ရေလိုပါပဲ”
“DVD ခွေထွက်ဖို့ ပရိုဂျူဆာရော ပညာရှင်ဘက်ကပါ ခက်ခဲနေတဲ့ ခေတ်ပါ”လို့ ဆိုတဲ့ ဖြိုးပြည့်စုံ
“Single Mom တွေလည်း အမျိုးသားတွေနဲ့တန်းတူ စိတ်အင်အား၊ ခွန်အားတွေရှိကြတယ်”
ပုဂံ ယူနက်စကို ဂုဏ်ပြုကြိုဆိုပွဲမှာ သီဆို ဖျော်ဖြေမယ့် အဆိုတော် ဖြိုးကြီး