Entertainment

"သီးလေးသီးမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မရှိဘူး"လို့ လူရွှင်တော် စိန်သီး ပြော

Want create site? Find Free WordPress Themes and plugins.

နိုင်ငံရေး ပြက်လုံးများကြောင့် ပရိသတ် အားပေးမှု အချိန်ကာလအတော်ကြာ ရရှိနေဆဲဖြစ်တဲ့ သီးလေးသီးအဖွဲ့ကတော့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မရှိဘဲ ၂၀၂၀ အတွက် ပြက်လုံးတွေ စီစဉ်နေတယ်လို့ လူရွှင်တော် စိန်သီးက ပြောပါတယ်။

“၂၀၂၀ အတွက်ကို ပြည်သူတွေဘက်ကနေ ရပ်တည်နေပါတယ်။ သီးလေးသီးမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ သီးလေးသီးက ဘယ်ပါတီထဲမှာမှ မဝင်ပါဘူး။ သီးလေးသီးက ပါတီစွဲ မရှိသလို ပြည်သူဘက်က ရပ်တည်မယ့် သီးလေးသီးပါလို့ ပြောချင်ပါတယ်”လို့ လူရွှင်တော် စိန်သီးက ပြောပါတယ်။

လာမယ့် ၂၀၂၀ အတွက်လည်း လက်ရှိ ပြည်သူတွေ ကြုံတွေနေရတဲ့ လျှပ်စစ်မီတာခ တိုးမြှင့်သွားတာနဲ့ ပတ်သက်တဲ့ ပြက်လုံးများကို စီစဉ်ထားတယ်လို့ သိရပါတယ်။

“၂၀၂၀ အတွက် ပြင်ဆင်ထားပါတယ်။ အခုဆိုရင် ကျနော်တို့ စီစဉ်ထားတာလေးတွေ ရှိပါတယ်။ ဒါပေမဲ့ နမူနာ အစမ်းပြောလို့ရတာပေါ့။ အခုဆိုရင် မီတာခတွေ ဈေးကြီးသွားတယ်။ အဲ့အတွက်လည်း ပြက်လုံးတွေ စီစဉ်ထားပါတယ်။ ပိတ်ကားပေါ်ရောက်မှ ကြည့်ကြပါ”လို့ စိန်သီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ လာမယ့် ၂၀၂၀ ဘယ်လိုကွာခြားသွားမလဲ ဆိုတာကိုလည်း စိန်သီးက အခုလိုပြောပြခဲ့ပါတယ်။

“၂၀၂၀ နဲ့ ၂၀၁၅ ကလေ ဘာကွာသွားလဲဆိုရင် လူတွေက ရမ္မက်ကြီးတယ်ပဲပြောရမလား လိုချင်တဲ့ ဇောတွေ များနေတာလား။ ဘယ်လိုဖြစ်တာလဲတော့ မပြောတတ်ဘူး။ ဖြစ်ချင်တာတွေက များနေတယ်။ စကားပုံလေးတခု ပြောပြပါမယ်”

“အခု ရေတွင်းတူးပြီး အခုရေကြည် သောက်လို့ မရဘူးပေါ့နော်။ အဲဒါကြောင့် ခဏလေးနေပါဦးလို့။ ကျနော်တို့ဆီ ရောက်လာတာ ခွက်ကြီးတလုံးက အလွတ်ကြီး ရောက်လာတာ။ အဲဒီခွက်ကြီးက ကျနော်တို့ ပြည့်အောင် ဖြည့်နေရတယ်။ အဲဒီခွက်ကို ဘယ်လိုပြည့်အောင် လုပ်ရမလဲဆိုတာ ခေါင်းဆောင်တွေပဲ လုပ်လို့ မပြီးပါဘူး။ တခြားသူတွေလည်း ဝိုင်းဝန်းရပါမယ်”လို့ စိန်သီးက ပြောပါတယ်။

သီးလေးသီး အဖွဲ့ကိုတော့ ၂၀၀၃ ခုနှစ်မှ စတင်ကာ ဖွဲ့စည်းခဲ့ပြီး ယနေ့ထိတိုင် အငြိမ့်များ ကနေဆဲ ဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ အစ်ကို၊ ဆရာ ကိုဇာဂနာက ကမ္ဘာပေါ်မှာ ကြီးလေးကြီး ဆိုတာ ရှိတယ်လေ။ အဲဒီကြီးလေးကြီးကို အစွဲပြုပြီးတော့ သီးလေးသီးဆိုပြီး မှည့်ထားတာ။ အဲဒါကြောင့် ကျနော်တို့ သီးလေးသီးက ကွဲလို့ မရဘူး။ ပြည်သူတွေဘက်က ရပ်တည်တာဖြစ်တဲ့ အတွက်ကြောင့် ပြည်သူ ရယ်ရင် ရယ်မယ်၊ ပြည်သူငိုရင် ငိုမယ်။ ဒါသီးလေးသီးပါပဲ” လို့ စိန်သီးက ဆိုပါတယ်။

တချို့သော ပရိသတ်များကတော့ သီးလေးသီးအဖွဲ့ကို ကွဲကွာသွားပြီဆိုတဲ့ အထင်တွေ ရှိနေပေမယ့် သီးလေးသီးအဖွဲ့မှာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးတဲ့အခါမျိုးမှာသာ တယောက်ချင်းစီ ခွဲရိုက်သော်လည်း အငြိမ့်ကတဲ့အခါမျိုးမှာတော့ မခွဲမခွာ အမြဲရှိဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ သီးလေးသီးက ရုပ်ရှင်တို့၊ ဗီဒီယိုတို့ Pay Par View တို့ဆိုရင်တော့ ခွဲပြီးရိုက်ကြတယ်။ အငြိမ့်ကရင်တော့ ကျနော်တို့ စုစုစည်းစည်းနဲ့ ရိုက်တယ်။ အငြိမ့်ကဖို့ကို ပွင့်လင်းရာသီ ၁၁ လပိုင်း၊ ၁၂ပိုင်းမှာ ကဖို့ ၁၁ ပိုင်းမှာဆိုရင်လည်း ၅ ပွဲလောက် လက်ခံပြီးသွားပြီ။ ၁၂ လပိုင်းမှာဆိုရင် ၆ ပွဲလား၊ ၇ ပွဲလား မသိဘူး။ လက်ခံပြီးသွားပြီ။ သီးလေးသီးက ဘယ်တော့မှ မကွဲပါဘူး။ ရုပ်ရှင်ထဲမှာ တယောက်ချင်းစီမြင်ရတော့ ကွဲသွားပြီ ထင်ကြတယ်။ သီးလေးသီးက ဘယ်တော့မှ မကွဲဘူး” လို့ စိန်သီးက ဆက်ပြောပါတယ်။

သီးလေးသီး အဖွဲ့ကတော့ နိုင်ငံရေးခိုလှုံခွင့်ဖြင့် ပြည်ပနိုင်ငံသို့ အချိန်ကာလ တခုအကြာအထိ သွားရောက်နေထိုင်ခဲ့ပြီး လက်ရှိ အစိုးရလက်ထက်မှာတော့ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။

You may also like these stories:

“သီးလေးသီး” က ဘယ်သူ့ အလံတိုင်အောက်မှာမှ မဝင်ဘူးဆိုတဲ့ စိန်သီး

“အခုချိန်မှာ နိုင်ငံရေးပြက်လုံးတွေကို ပိုရှောင်ရတယ်” လို့ လူရွှင်တော် ပန်းသီးပြော

သက်ကြီးသဘင်ပညာရှင်များကို တတ်နိုင်သလောက် ကူညီပေးနေတဲ့ လူရွှင်တော် အောင်သော်

Did you find apk for android? You can find new Free Android Games and apps.
Loading