Entertainment

တောင်ကိုရီးယားတက္ကသိုလ်မှာ စတင် တက်ရောက်နေပြီဖြစ်တဲ့ ဂျိုလီရဲ့သား Maddox

ဟောလိဝုဒ်စတား အင်ဂျလီနာဂျိုလီရဲ့အကြီးဆုံးသား Maddox Jolie-Pitt ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့မှာပဲ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ Yonsei တက္ကသိုလ်မှာ ပထမဆုံး စာသင်နှစ်ကို စတင်လိုက်ပြီ ဖြစ်ပြီး ကိုရီးယား မီဒီယာတွေမှာတော့ အဲ့ဒီအကြောင်းကို အကျယ်တဝင့် ဖော်ပြနေကြပါတယ်။

ဂျိုလီရဲ့ ကလေး ၆ ဦးထဲမှ အကြီးဆုံးဖြစ်တဲ့ Maddox ဟာ အင်ချွန်း နိုင်ငံတကာ လေဆိပ်အနီးမှာ ရှိတဲ့ Yonsei တက္ကသိုလ်ရဲ့ Underwood နိုင်ငံတကာ ကောလိပ်အောက်က Songdo နိုင်ငံတကာတက္ကသိုလ် နယ်မြေမှာ ပြုလုပ်ခဲ့တဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီနေရာမှာ ပထမဆုံးနှစ်ကို သင်ယူပြီးရင်တော့ ဆိုးလ်မှာရှိတဲ့ ကျောင်းရဲ့ အဓိကနယ်မြေမှာ နောက်ထပ်လေ့လာမှုတွေ ထပ်လုပ်ရမှာ ဖြစ်ပါတယ်။

အဖြူရောင် ဘေ့စ်ဘောဦးထုပ် ဆောင်းထားပြီး မျက်မှန်ဝတ်ထားတဲ့ Maddox ဟာ ကြိုဆိုပွဲ ကျင်းပမယ့် နေရာကို စောစောစီးစီး ရောက်လာခဲ့ပြီး အခမ်းအနား တလျှောက်လုံးမှာ အတန်းဖော်တွေနဲ့ စကားပြောဆိုခဲ့တဲ့အပြင် ပျော်ပျော်ရွှင်ရွှင် ရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။ အခုလိုမျိုး ကြိုဆိုပွဲကို ရောက်လာတဲ့ Maddox ရဲ့ သတင်းကို ရယူဖို့ မီဒီယာတွေကို တက္ကသိုလ်က ဝင်ခွင့်ပြုခဲ့ပါတယ်။

အခုလိုမျိုး မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကိုတော့ ဂျိုလီ တက်ရောက်ခဲ့တာ မရှိပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ သားဖြစ်သူနဲ့အတူ ကျောင်းဝန်းထဲကို လာခဲ့ပြီးတဲ့နောက် အိမ်ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။ အခုလိုမျိုး ကမ္ဘာကျော် မင်းသမီးရဲ့သား ဖြစ်နေခဲ့ပေမယ့် အတန်းဖော်တွေကတော့ သူနဲ့ ပေါင်းသင်းဆက်ဆံဖို့ ရှိန်မနေခဲ့တာကိုလည်း တွေ့ရပါတယ်။

ကျောင်းတာဝန်ရှိသူတဦးက “Maddox ဟာ နိုင်ငံတကာကျောင်းဝန်းမှာ သူ့ရဲ့ဘဝကို စတင်ခဲ့ပါပြီ။ သူဟာ အဆောင်မှာ နေမှာဖြစ်ပြီး အခြားကျောင်းသားတွေလိုပဲ သင်ခန်းစာတွေ သင်ယူမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အခုလိုမျိုး ကိုရီးယားတက္ကသိုလ်တခုမှာ Maddox ရဲ့ လေ့လာသင်ကြားမှုဟာ သူ့ရဲ့ K-pop နဲ့ ကိုရီးယား ယဉ်ကျေးမှုအပေါ် ကြိုက်နှစ်သက်ရာကနေ မြစ်ဖျားခံလာတယ်လို့ ဆိုပါတယ်။

Ref:Yonhap

You may also like these stories:

ဂျိုလီရဲ့သား ဝင်ခွင့်လျှောက်ထားခြင်း မရှိကြောင်း ယွန်းဆေးတက္ကသိုလ်မှ အတည်ပြု

ကလေးတွေနဲ့အတူ ‘Dumbo’ ရုပ်ရှင်အထူးပွဲကို တက်ခဲ့တဲ့ အန်ဂျလီနာဂျိုလီ

သားဖြစ်သူ တက်ရောက်မယ့် Yonsei တက္ကသိုလ်ကို အန်ဂျလီနာဂျိုလီ လာရောက် လည်ပတ်

Loading