တောင်ကိုရီးယား ရဲတပ်ဖွဲ့ဟာ နိုင်ငံရပ်ခြားမှာ ပြုလုပ်ခဲ့တဲ့ လောင်းကစားမှုတွေနဲ့ ပတ်သက်တဲ့ စွဲချက်တွေနဲ့ နာမည်ကျော် K-pop အဆိုတော်အဖွဲ့ Big Bang မှ အဖွဲ့ဝင်ဟောင်း Seungri နဲ့ အဖွဲ့ရဲ့ ကုမ္ပဏီအကြီးအကဲဟောင်းတို့ကို အခု တပတ်အတွင်းမှာပဲ ဆင့်ခေါ်တော့မယ်လို့ သိရပါတယ်။
Seungri နဲ့ YG အင်တာတိန်းမန့်ရဲ့ စီအီးအိုဟောင်း Yang Hyun-suk ဟာ နိုင်ငံခြားမှာ လောင်းကစားမှု စွဲချက်တွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ အမှုဖွင့်တာကို ခံထားရပြီး အဲ့ဒီ လောင်းကစားငွေတွေအတွက် နိုင်ငံရဲ့ နိုင်ငံခြား ငွေကြေး လဲလှယ်မှုဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။
ကေဘယ် ရုပ်သံလိုင်းဖြစ်တဲ့ JTBC ရဲ့အဆိုအရ Yang နဲ့ Seungri တို့ဟာ လတ်စ်ဗေးဂတ်မြို့မှာရှိတဲ့ ကာစီနိုဝိုင်းတွေမှာ ဒေါ်လာ သန်းနဲ့ချီပြီးတော့ ပုံမှန် အလောင်းအစား လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ သူတို့နှစ်ဦးကို အခုသီတင်းပတ်အတွင်းမှာပဲ စွဲချက်တွေနဲ့ ပတ်သက်လို့ သီးခြား စုံစမ်းစစ်ဆေး မေးမြန်းဖို့ ဆင့်ခေါ်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီ ဆင့်ခေါ်မေး မြန်းမယ့် ရက်နဲ့ အချိန် အတိအကျ ထွက်ထားပေမယ့် ထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့မှာပဲ ဆိုးလ်မြို့ အနောက်ဘက်မှာ ရှိတဲ့ YG အင်တာတိန်းမန့် အဆောက်အဦကို ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့ဟာ Yang အနေနဲ့ နိုင်ငံရပ်ခြားက လောင်းကစား ပွဲတွေမှာ သုံးစွဲဖို့ ရန်ပုံငွေတွေကို မလျော်မကန် အသုံးပြုခဲ့ခြင်း ရှိ၊ မရှိ စစ်ဆေးနေပါတယ်။
တချိန်တုန်းက နာမည်ကျော် အဆိုတော် အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ Yang ဟာ မူးယစ်ဆေးဝါး ပြဿနာတွေမှာ YG အနုပညာရှင်တွေ ပါဝင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လမှာပဲ YG ရဲ့ စီအီးအို အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ အဲ့ဒီနောက် Yang ဟာ ၂၀၁၄ ခုနှစ်တုန်းက ဆိုးလ်မြို့က နာမည်ကြီး စားသောက်ဆိုင်တခုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် လိင်ဝန်ဆောင်မှုတွေ ပေးခဲ့တယ်ဆိုတဲ့ သီးခြား စွပ်စွဲချက်တခုနဲ့ အမှုဖွင့်ခံခံ့ရပါသေးတယ်။
Ref. Yonhap
You may also like these stories:
ဂျပန် ရင်းနှီးမြှုပ်နှံသူများနဲ့ မတွေ့ပေးမီ ပြည့်တန်ဆာများကို Seungri အိမ်ကို ပို့ပေးခဲ့ရတယ်လို့ ဆို
ရင်းနှီးမြှုပ်နှံသူများအတွက် YG ကုမ္ပဏီအကြီးအကဲ ပြည့်တန်ဆာဝန်ဆောင်မှု ပေးခဲ့တယ်လို့ သတင်းထွက်
ဖမ်းဝရမ်း ထုတ်ပေးရေး တရားရုံးကြားနာမှုကို အဆိုတော် Seungri လာရောက်
BigBang အဖွဲ့ဝင်ဟောင်း Seungri အတွက် ဖမ်းဝရမ်း ရဲတပ်ဖွဲ့ တောင်းခံ