ဗီဒီယိုဈေးကွက် ပျက်စီးပြီးနောက်မှာတော့ ဇာတ်ပို့ သရုပ်ဆောင် တော်တော်များများ အလုပ်အကိုင် ရှားပါးလာကြပြီး အဲဒီထဲမှ ဇာတ်ပို့ သရုပ်ဆောင် ဘိုကြီးကတော့ ပိုလျှံတဲ့ ဇာတ်ရုပ်ကိုပဲ လုပ်ရတာပါလို့ ပြောပါတယ်။
“ကမ်းလှမ်းလာရင်တော့ အနုပညာသမားက ဘယ်ကာရိုက်တာမျိုးကို မဆို ကိုယ်မလုပ်ဖူးတဲ့ ဘယ်လို အသစ်အဆန်းတွေ လာပါစေ၊ ကျနော်တို့က ပျော်နေတာ။ လုပ်ချင်တယ်၊ ရူးသွပ်တယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ဘဝက အခွင့်အရေးပေးမှ လုပ်ခွင့်ရမှ ပိုလျှံတဲ့ ဇာတ်ရုပ်ပဲ လုပ်ရတာပါ”လို့ ဘိုကြီးက ပြောပါတယ်။
အခုလို ရှားပါးတဲ့ အချိန်မှာတော့ ဘယ်လို ဇာတ်ရုပ်ပဲ လာလာ ရိုက်ကူးသွားမယ်လို့ ဘိုကြီးက ဆိုပါတယ်။
“ကျနော်တို့ အခု ရှားပါးတဲ့အချိန်ဆို ပိုဆိုးတာပေါ့။ အရူးကာရိုက်တာ လုပ်ရလုပ်ရ၊ သူတောင်းစား ကာရိုက်တာ လုပ်ရလုပ်ရ။ မုဒိမ်းသမား ကာရိုက်တာတော့ ကျနော်တို့က သိပ်မရိုက်ရဘူး။ ရိုက်လည်း မင်းသမီးကရယ်တာကိုး။ လုပ်လို့က မရဘူး။ အခုနေ ကမ်းလှမ်းရင် အားလုံး လုပ်မှာပါပဲ”လို့ ဘိုကြီးက ပြောပါတယ်။
ဒီလိုမျိုး ဇာတ်ပို့သရုပ်ဆောင်တွေ အလုပ်အကိုင် ရှားပါးနေတဲ့အပေါ် မကြာသေးခင် အချိန်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပရိုဂျူဆာများ၊ လုပ်ငန်းရှင်များနဲ့ ဆွေးနွေးမှုတခု လုပ်ခဲ့ကြပါတယ်။
“ကျနော်တို့ ဇာတ်ပို့၊ ဇာတ်ရံတွေ အလုပ် အဆင်မပြေတာကို အဆင်ပြေသွားအောင် ပရိုဂျူဆာတွေ အပြင်က လုပ်ငန်းရှင်တွေက ကူညီပြီးတော့ ရိုက်မယ်။ အခုဟာက ဗီဒီယိုခေတ် ပျက်သွားတော့ ဒီဗီဒီယို ဈေးကွက်ကို Pre စနစ်နဲ့ ပြန်ဖြန့်ရင် ဈေးကွက် ပြန်လည်လာမလားပေါ့။ ကြိုးစား ကြည့်မယ်။ တချို့မင်းသားတွေက ကူညီမယ်။ အနုပညာကြေး မယူဘဲနဲ့ပေါ့”လို့ ဘိုကြီးက ပြောပါတယ်။
ဗီဒီယို ဇာတ်ကားများ ပြန်လည် ရိုက်ကူးပေးမည်ဆိုက ဘိုကြီးတို့လို ဇာတ်ပို့သရုပ်ဆောင်များအနေနဲ့ အနုပညာကြေးကို ဈေးလျှော့ပေးကာ သရုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ဘက်ကလည်း ဒီလိုတွေ လုပ်မယ်ဆို ကျနော်တို့ရဲ့အနုပညာကြေးကို အပြည့် မယူဘဲနဲ့ ဈေးလျှော့ပေး မင်းသား၊ မင်းသမီးတွေကလည်း တတ်နိုင်သလောက် ဈေးလျှော့ ရိုက်ပေးမယ်ဆိုတော့ ကုန်ကျစရိတ်တွေ နည်းသွားမှာပေါ့။ အရင် သိန်း ၁၀၀ ကုန်မယ့်ဟာက သိန်း ၅၀ လောက် ကုန်တော့မှာပေါ့”
“ဒါတွေ တကယ်ဖြစ်လာပြီဆိုရင် ကြည့်မယ့် ပရိသတ်ကတော့ ကြည့်မှာပဲလေ။ အရင်လို ပြန်အားပေးမယ့် ပရိသတ် ရှိလာမှာပဲ။ အခွေတွေ မထွက်တော့ ပရိသတ်တွေ အားပေးလို့ မရတာ။ ပြန်ရိုက်ရင် ပရိသတ်တွေ အားပေးပါလို့”လို့ ဘိုကြီးက ဆိုပါတယ်။
ယခင်က ဇာတ်ပို့ သရုပ်ဆောင် အချင်းချင်း အဆင်မပြေဖြစ်ခဲ့ကြတာမျိုးတွေတောင် အခုလို အချိန်မှာတော့ စည်းစည်းလုံးလုံးနဲ့ အဆင်ပြေနေကြတယ်လို့ သိရပါတယ်။
“အခုဆို ဇာတ်ပို့တွေကတော့ စည်းစည်းလုံးလုံးပါပဲ။ အရင်က အဆင်မပြေတဲ့သူတွေတောင် အဆင်ပြေသွားတယ်။ အရင်က အချင်းချင်း စကား ကတောက်ကဆဖြစ်လို့ မတည့်တာတွေ ရှိတယ်။ အခုအချိန်မှာ ဖေးဖေးမမနဲ့ ရှိကြတယ်။ သူတို့နောက်မှာလည်း မိသားစုတွေ ရှိကြတယ်ဆိုတော့ တယောက်နဲ့ တယောက်ဘယ်လို ကူညီကြမလဲဆိုတာကိုပဲ တွေးနေကြတယ်”လို့ ဘိုကြီးက ဆက်ပြောပါတယ်။
တခြားသော ဇာတ်ပို့ သရုပ်ဆောင် အများစုကတော့ ဗီဒီယို ဇာတ်ကားများ မရိုက်ရတော့တဲ့ နောက်ပိုင်းမှာ ကိုယ်တတ်ကျွမ်းရာ အလုပ်များ ပြောင်းလဲ လုပ်ကိုင်လာကြပြီး ဝမ်းရေးအတွက် ရပ်တည်နေကြပါတယ်။
You may also like these stories:
အဆင်မပြေတာတွေရှိပေမယ့် ကြိုးစားကြဖို့ ဇာတ်ပို့အချင်းချင်း တိုက်တွန်းစကားဆိုတဲ့ K ညီ
မိန်းမလျာဇာတ်ရုပ်တွေပဲ အရိုက်များတဲ့အကြောင်း ပြောပြတဲ့ ရဲလေးမ
ငွေကြေး အခက်အခဲဖြစ်တဲ့ ဇာတ်ပို့၊ လူကြမ်းတွေကို ဇာတ်ကား ခေါ်ရိုက်ပေးနေတဲ့ ယုန်လေး
ဇာတ်ပို့၊ ဇာတ်ရံတွေ ရတဲ့ငွေက နည်းပါးတာကြောင့် ငွေစုဖို့ မလွယ်ကြောင်း ခင်လှိုင် ပြော