Disney ကနေ Live-action အဖြစ် ထုတ်လုပ်ခဲ့တဲ့ “The Lion King” ရုပ်ရှင်ဟာဆိုရင် Disney ရဲ့ ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်တွေထဲက တခုဖြစ်ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ အောင်မြင်မှု ရရှိခဲ့ပါတယ်။
Disney ဟာ “The Lion King” ရုပ်ရှင်က ရတဲ့ အမြတ်ငွေထဲက ဒေါ်လာ ၁ ဒဿမ ၅ သန်းခန့်ကို အာဖရိက တဝှမ်းမှာရှိတဲ့ မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ခြင်္သေ့ အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်တွေအတွက် လှူဒါန်းခဲ့ပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ခြင်္သေ့ကောင်ရေတွေဟာ တနှစ်ထက် တနှစ် နည်းပါလား လာနေတာဖြစ်ပြီး တချို့သော မျိုးစိတ်တွေဟာ မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။
Disney အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ “Protect the Pride” ဆိုတဲ့ ကမ်ပိန်းတခု စတင်ခဲ့ပြီး အဲဒီကမ်ပိန်းဟာ ခြင်္သေ့ကောင်ရေ ပြန်လည် တိုးပွားလာဖို့နဲ့ မျိုးသုဉ်း ပျောက်ကွယ်ခြင်းကို ကာကွယ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Disney ရဲ့ ပထမဆုံး “Lion King” ကာတွန်းရုပ်ရှင် ထွက်ရှိခဲ့ပြီးတဲ့ ၂၅ နှစ်ကတည်းက အာဖရိကရဲ့ ခြင်္သေ့ကောင်ရေ တဝက်ဟာ မျိုးသုဉ်း ပျောက်ကွယ်ခဲ့ရတာဖြစ်ပြီး စစ်တမ်းတွေအရ အခုလက်ရှိ အချိန်မှာတော့ အာဖရိက ခြင်္သေ့ကောင်ရေဟာ ၂ သောင်းခန့်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ Disney ဟာ ဒေါ်လာ ၁ ဒဿမ ၅ သန်းခန့်ကို Wildlife Conservation Network (WCN) နဲ့ Lion Recovery Fund (LRF) တို့ကို ထောက်ပံ့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
သိပ်မကြာသေးခင် အချိန်ကပဲ Disney နဲ့ WCN တို့ဟာ ခြင်္သေ့မျိုးစိတ်တွေနဲ့ ပတ်သက်ပြီး အထူးပြုလေ့လာတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံက အဖွဲ့အစည်းပေါင်း ၅၀ နဲ့အတူ ခြင်္သေ့ မျိုးသုဉ်းပျောက်ကွယ်မှု ကာကွယ်ဖို့ Lion Footprint Forum ကို Walt Disney Resort မှာ ပြုလုပ် ကျင်းပခဲ့တာပါ။
ဒီ Forum ဟာဆိုရင်တော့ နှစ်ပေါင်း၂၀ အတွင်းမှာ ခြင်္သေ့မျိုးစိတ်တွေကို ကာကွယ်ဖို့ ပထမဦးဆုံး ပြုလုပ်တဲ့ Forum ဖြစ်ပြီး အနာဂတ် ကာလမှာ ခြင်္သေ့ အပါအဝင် တခြားသော တောရိုင်း တိရစ္ဆာန်တွေ မျိုးသုဉ်းပျောက်ကွယ်လာမယ့် အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
ပရိသတ်တွေကို ခံစားချက်ပေါင်းများစွာ ပေးဦးမယ့် “The Lion King” ရုပ်ရှင်
ရှားပါး ခြင်္သေ့ အဖြူ ၂ ကောင်ကို ပြင်သစ်နိုင်ငံမှာ မွေးဖွား
မိဘတွေ မရှိတော့မှ မိဘတွေရဲ့ ဆုံးမမှု တန်ဖိုးကို သိရှိလာကြောင်း ရှာရွတ်ခန် ပြော