လူငယ်တွေ ပရိသတ်တွေကြား အောင်မြင်မှုရရှိထားတဲ့ အဆိုတော် ထက်ယံက “ဆုံစည်းခွင့်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပြီး ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရင်ခုန်နေတယ်လို့ ဆိုပါတယ်။
“ကျနော့် ကာရိုက်တာက ထင်ရှားဆိုတဲ့ သူပါ။ သူက ကုမ္ပဏီလုပ်ငန်း လုပ်တဲ့ လူငယ်၊ သွက်သွက်လက်လက် ရှိတယ်။ မအိချောပိုရဲ့ ရည်းစားနေရာက သရုပ်ဆောင်ရမှာပေါ့။ သရုပ်ဆောင်လုပ်တော့ ရှိန်နေတာမျိုးတွေ ရှိတာပေါ့။ ဘယ်ကစပြီး ဘာကို စပြောရမှန်းတောင် မသိဘူး။ လောလောဆယ်တော့ တယောက်နဲ့ တယောက် သိတော့ သိပါတယ်”လို့ ထက်ယံက ပြောပါတယ်။
ဆက်လက်ပြီး ထက်ယံက အိချောပိုနဲ့ မခင်မင်သေးပေမယ့် ရိုက်ကွင်း ရောက်တဲ့အခါ စိမ်းမနေအောင် လေ့ကျင့်ရင်းနဲ့ နှုတ်ဆက်သွားမယ်လို့ ဆိုပါတယ်။
“ရိုက်ကွင်းပေါ်ရောက်မှ ဖြစ်ဖြစ်၊ လေ့ကျင့်ရင်းနဲ့မှဖြစ်ဖြစ် နှုတ်ဆက်ရမှာပေါ့။ ရည်းစားလုပ်ရမှာဆိုတော့ စိမ်းလို့ မရဘူးလေ။ သူ့ကိုတော့ သိတာကြာပြီ။ မအိချောပိုမှ မဟုတ်ဘူး အားလုံးကို ရှိန်တာပေါ့။ ကျနော့်အတွက် စိမ်းတဲ့အရာတွေ ဖြစ်နေတော့ အားလုံးကိုပဲ မသိတာတွေ မေးပြီး လုပ်သွားရမှာပါ”လို့ ထက်ယံက ပြောပါတယ်။
အဆိုတော်တယောက် အနေနဲ့ ပရိသတ်တွေ သိထားကြတဲ့ ထက်ယံက အခွင့်အရေးပေးရင် သရုပ်ဆောင် လုပ်မယ်လို့ တွေးထားခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။
“ကျနော် သရုပ်ဆောင် မလုပ်ဘူးတော့ မဟုတ်ပါဘူး။ အခွင့်အရေးပေးရင် လုပ်မယ်လို့ တွေးခဲ့တာ။ အခုက အခွင့်အရေး ပေးတယ်လို့ ပြောရမှာပေါ့။ ဇာတ်လမ်းတွဲလည်း ဖြစ်တော့ တီဗီကနေ ဒီစီးရီးကို ကြည့်ဖြစ်ကြမယ်ဆိုပြီး ကျနော် ဒီဇာတ်ကားကို ရိုက်ဖြစ်တာပါ။ ကျနော် ဒီဇာတ်ကားအတွက်တော့ ရင်ခုန်ပါတယ်။ ကျနော်ကတော့ အကောင်းဆုံး ကြိုးစားမယ်။ လုပ်ပြီးသွားမှ ပရိသတ်က ဘာပြန်ပြောမလဲဆိုတာ ရင်ခုန်စွာ စောင့်စားရမှာပေါ့”လို့ ထက်ယံက ပြောပါတယ်။
“နွေးသွားတယ်” သီချင်းနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ထက်ယံက မကြာခင် Shwe FM က လုပ်မယ့် ဆုပေးပွဲမှာ သူ့ရဲ့ သီချင်းတပုဒ် ဆန်ခါတင် ဆုစာရင်း ပါဝင်လို့ ဝမ်းသာနေတယ်လို့ ပြောပါတယ်။
“Shwe FM က လုပ်မယ့် ဆုပေးပွဲမှာ ကျနော်သီချင်းလေးက ဆန်ခါတင် စာရင်းထဲမှာ ပါတဲ့အတွက် အရမ်းဝမ်းသာတယ်။ အဆိုတော် စဖြစ်ကတည်းက ဂီတဆုပေးပွဲတွေမှာ ကျနော့် သီချင်းလေးတွေ ဆန်ခါတင် စာရင်းမှာ ပါချင်ခဲ့တာ။ အခုတော့ မမျှော်လင့်ဘဲ ပါလာတော့ အတိုင်းမသိ ဝမ်းသာရတယ်”
“ဆုရခဲ့ရင် ဘယ်လို ခံစားရမလဲဆိုတော့ ကျနော် ဆုမရဖူးသေးတော့ မသိဘူး။ ကျနော် ဆုရမှပဲ အဲ့ခံစားချက် ပြောလို့ ရမယ်။ ပရိသတ်တွေ မပျင်းရအောင်တော့ အမြဲတမ်း ပုံစံလေးတွေ ပြောင်းပေးနေဦးမှာပါ။ ကျနော်က သီချင်းဆိုတဲ့ အလုပ်တော့ အမြဲဦးစားပေး လုပ်သွားမှာပါ”လို့ ထက်ယံက ပြောပါတယ်။
ထက်ယံက ဒီရက်ပိုင်းအတွင်း အဆိုတော် နွဲ့ယဉ်ဝင်းနဲ့ တွဲကာ သီဆိုထားတဲ့ “မောင့်အချစ်ဦး” သီချင်း Music Video အနေနဲ့ ထွက်ဖို့ ရှိပြီး ဈေးဗန်းခင်းတဲ့အကြောင်း သီချင်းသစ် ထွက်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
“ဒီရက်ပိုင်းအတွင်း ‘မောင့်အချစ်ဦး’ ဆိုတဲ့ သီချင်းကို Music Video ထွက်ဖို့လုပ်နေတယ်။ ရိုက်ပြီးသွားပြီ။ အွန်လိုင်းကနေ တင်ပေးတယ်။ နောက်သီချင်းသစ်တပုဒ် ထွက်ဖို့ရှိပါသေးတယ်။ ဈေးဗန်းခင်းတဲ့အကြောင်းအရာလေးပေါ့။ အဲ့ဒါလေးလည်း ထွက်ဖို့ရှိပါတယ်”လို့ ထက်ယံက ပြောပါတယ်။
အဆိုတော် ထက်ယံဟာ အဆိုတော် ရွှေထူး၊ X-Box ၊ Lil-Z တို့နဲ့ တွဲဖက်ပြီး “4” Album ထွက်ရှိခဲ့ပြီး အတွဲခွေများ၊ တကိုယ်တော်အခွေများလည်း ထွက်ရှိထားပါတယ်။ မကြာသေးခင် အချိန်ကလည်း “Gravity အပြင်ဘက်၊ ခုန်ထွက်”ဆိုတဲ့ သီချင်းစာသားနဲ့အတူ “နွေးသွားတယ်” ဆိုတဲ့ သီချင်းက အွန်လိုင်း အသုံးပြုသူတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။