အခု လတ်တလော ဖက်ရှင်တွေ ပြောင်းလဲ ဝတ်ဆင်လာတဲ့ သရုပ်ဆောင် အိချောပိုက ဒီဇိုင်နာတွေရဲ့ ပံ့ပိုးမှုနဲ့ ခေတ်ရေစီးကြောင်းအရ ဝတ်တာဆိုပေမယ့် သေချာ ထိန်းဝတ်ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီဇိုင်နာတွေရဲ့ ပံ့ပိုးမှုတွေလည်း ပါတယ်။ ခေတ်ရေစီးကြောင်းအရလည်း ဝတ်ရတာ ပါတယ်။ အရမ်းကြီးတော့ မဟော့ပါဘူး။ အိချော ထိန်းဝတ်ပါတယ်။ နောက်ပိုင်းမှာ ဖက်ရှင်အလန်းတွေ ဝတ်ဖို့ဆိုတာ ဒီဇိုင်နာတွေပေါ် မူတည်ပါတယ် ဒီဇိုင်နာတွေ ချုပ်တာ ကိုယ်ကြိုက်လို့ ဝတ်တာလည်း ပါပါတယ်။ ကိုယ်မကြိုက်ရင်တော့ ငြင်းမှာပါ။ အိချော မကြိုက်တဲ့ ဖက်ရှင် ပုံစံကြီးရယ်လို့တော့ မရှိပါဘူး။ အရမ်း ရှူပ်နေတာမျိုးတွေတော့ မကြိုက်ဘူး”လို့ အိချောပိုက ပြောပါတယ်။
သရုပ်ဆောင် အိချောပိုကတော့ မကြာခင် “ဆုံစည်းခွင့်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်သွားဖို့ ရှိပြီး ဒီဇာတ်လမ်းတွဲက သူ့အနေနဲ့ ပထမဆုံး ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲဖြစ်တယ်လို့ ဆိုပါတယ်။
“အိချောရဲ့ ကာရိုက်တာကတော့ အိချောမှာ ညီမတွေ ရှိတယ်။ သူတို့ကိုလည်း အမြဲတမ်း ထိန်းကျောင်းပေးတတ်တဲ့ ခပ်သွက်သွက်၊ ခပ်လည်လည် ကောင်မလေးနေရာက ပါဝင် သရုပ်ဆောင်ရမှာပါ။ ဒီကောင်မလေးက ညီမတွေ အပေါ်မှာရော၊ ရပ်ကွက်ထဲမှာရော နည်းနည်း ဆရာကျတဲ့ သူပေါ့။ ဒီကာရိုက်တာကတော့ အပြင် ကာရိုက်တာနဲ့ ဆန့်ကျင်ဘက်ပါပဲ”
“အပြင်မှာတော့ အိချောက ဘယ်သူ့ကိုမှ မထိန်းချုပ်ချင်ဘူး။ သရုပ်ဆောင်တွေလည်း အများကြီးပါတယ်။ ပျော်ပျော်ပါးပါးနဲ့ ရိုက်ရမယ့် ပုံစံမျိုးလေးပါ။ ဇာတ်လမ်းတွဲ ရိုက်ဖူးတာကတော့ ပထမဦးဆုံးပါ။ အခုနောက်ပိုင်း ပရိသတ် တော်တော်များများကလည်း မြန်မာ ဇာတ်လမ်းတွဲတွေကို စောင့်ကြည့်လာကြတယ်။ လက်ခံလာကြတယ်ဆိုတော့ ကောင်းပါတယ်”လို့ အိချောပိုက ပြောပါတယ်။
ဇာတ်လမ်းတွဲ ရိုက်ကူးရတဲ့ အပေါ်ကိုလည်း အိချောပိုက သူရဲ့ အမြင်ကို အခုလို ဆိုပါတယ်။
“ဇာတ်လမ်းတွဲကတော့ အချိန် ပိုပေးရတယ်။ အဲ့အတွက် ဒီကာလေးရိုက်ဖို့ တော်တော်လေးတော့ စဉ်းစားလိုက်ရတယ်။ နယ်က ပရိသတ်တွေကလည်း ဇာတ်လမ်းတွဲတွေ မြင်ချင်တယ်ဆိုလို့ လက်ခံ ရိုက်ကူးဖြစ်တာပါ။ လက်တလောတော့ ဒီကား မရိုက်ခင် လက်ခံထားတဲ့ ရုပ်ရှင်ကားကြီး၂ ကား ရိုက်ဖို့ ရှိသေးတယ်” လို့ အိချောပိုက ပြောပါတယ်။
အိချောပိုက ရေဘေးကယ်ဆယ်ရေးအတွက် လူကိုယ်တိုင်လိုက်ပါပြီး ပါဝင် လှူဒါန်းခဲ့ပါသေးတယ်။ နာရေးကူညီမှုအသင်းက ဦးကျော်သူတို့နဲ့အတူ လိုက်ပါ လှူဒါန်းခဲ့တာဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့လည်း အခုလိုပဲ ပြောပါတယ်။
“ရေဘေးအတွက် အိချော လှူချင်တယ်။ ဦးမောင် (ဦးကျော်သူ) ကို မေးကြည့်တော့ လှူဖို့ ရှိတယ်ဆိုတာနဲ့ ကိုယ်တိုင်ကိုယ်ကျ သွားပြီးတော့ လှူဖြစ်တာပါ။ ကျိုက်မရောဘက်ကိုပါ။ ဟိုနေ့ကလည်း အိချော We Love တွေက လှူချင်တယ်ဆိုတာနဲ့ ဦးမောင်တို့ရုံးမှာ သွားလှူဖြစ်တယ်”
“ကိုယ်တိုင်သွားလှူတော့ သူတို့ကို ကြည့်ပြီး စိတ်မကောင်းဘူး။ သူတို့စိုက်ခင်းတွေလည်း ရေတွေ တက်နေတာ မြင်ရတာ စိတ်မကောင်းဘူး။ ပြန်ပြီး အားလုံးလည်း အရင်လို ပြန်အဆင်ပြေစေချင်ပါတယ်။ We Love တွေကိုလည်း ကျေးဇူးတင်တယ်။ ဘယ်လိုချိန်ပဲ ဖြစ်ဖြစ် ဘေးကနေ ရပ်တည်ပေးနေလို့ ကျေးဇူးတင်ပါတယ်”လို့ အိချောပိုက ပြောပါတယ်။
သရုပ်ဆောင် အိချောပိုကတော့ ခန္ဓာကိုယ် ကောက်ကြောင်းလှတဲ့ မင်းသမီးတဦး ဖြစ်ပြီး သူပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများစွာလည်း ရုံတင် ပြသလျက် ရှိပါတယ်။ မကြာခင်မှာလည်း အိချောပို ပါဝင်ထားတဲ့ “အချစ်ဆုံး Crush” ရုပ်ရှင်ကားကြီး ရုံတင် ပြသသွားမယ်လို့ သိရပါတယ်။
You may also like these stories:
စကားနည်းတာကြောင့် မာနကြီးတယ်လို့ ထင်ခံရကြောင်း ပြောတဲ့ အိချောပို
ရေကူးဝတ်စုံ ဝတ်ပြီး ရိုက်ခဲ့တဲ့ ရုပ်ရှင်အကြောင်း ပြောတဲ့ သရုပ်ဆောင် အိချောပို