ဟာသ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်ကတော့ ဒီနှစ်ထဲမှာ အကယ်ဒမီ ရွှေကြို အနေနဲ့ လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်း သရုပ်ဆောင် အနေနဲ့ လုပ်ကိုင်လာတာ တွေ့ရပါတယ်။ သဇင်ထူးမြင့်က မကြာခင် သူ ပါဝင် သရုပ်ဆောင်မယ့် ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။
“ဆုံစည်းခွင့် ဇာတ်လမ်းတွဲက ပထမဆုံး သရုပ်ဆောင်မယ့် ဇာတ်လမ်းတွဲပါ။ ဇာတ်လမ်းတွဲထဲမှာတော့ မအိချောပိုရဲ့ ညီမလေး တယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်ရမှာပါ။ အစ်မဖြစ်သူရဲ့ ထိန်းကျောင်းမှုအောက်မှာပဲ နေတတ်တဲ့ ကောင်မလေးပေါ့နော်။ အစ်မရဲ့ ထိန်းကျောင်းမှုက လွတ်သွားရင် နည်းနည်း အူကြောင်ကြောင်နိုင်တတ်တဲ့သူပေါ့။ အပြင်က ကာရိုက်တာလိုပဲ”
“အစကတော့ အနုပညာကို အရမ်း ဝါသနာ မပါဘူး။ ရွှေကြိုပြီးနောက်ပိုင်း အလုပ်ကလည်း တောက်လျှောက် လုပ်လာရတော့ ဝါသနာလည်း ပါလာတယ်။ ဇာတ်လမ်းတွဲလေးရိုက်ရမယ်ဆိုတော့ အရမ်းလည်း ရင်ခုန်ပါတယ်”လို့ သဇင်ထူးမြင့်က ပြောပါတယ်။
သဇင်ထူးမြင့်ကတော့ ၂၀၁၉ ခုနှစ်မှာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ရှိလာတယ်လို့ ဆိုပြီး စန်းတွေ တက်လာတယ်လို့ ခံစားရကြောင်း ဆိုပါတယ်။
“၂၀၁၉ ကို အရမ်းသဘောကျတယ်။ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်တယ်။ စန်းတက်တယ်လို့လည်း ပြောရမယ်၊ ကံလည်း အရမ်းကောင်းလာတယ်။ အရမ်းလည်း ဝမ်းသာပါတယ်။ ဇာတ်ကားကြီး ရိုက်ဖို့ ပြောထားတာတွေ ရှိတယ်။ နောက်ထပ်ပြီး အနုပညာတွေ ဆက်ကြိုးစား လုပ်ကိုင်သွားမှာပါ။ မင်းသမီး ဖြစ်ရမယ်တော့ မရှိပါဘူး။ နောက်ပိုင်းကို သဇင်ထူးမြင့်ဆိုတဲ့ ပုံစံနဲ့ပဲ ဆက်သွားပါမယ်။ ဖေဖေ့သမီး ဆိုပြီး သိကြတော့ ဂုဏ်လေးတခု အနေနဲ့တော့ ပျော်တယ်”လို့ သဇင်ထူးမြင့်က ပြောပါတယ်။
ဖခင်ဖြစ်သူ ခင်လှိုင်ကလည်း သရုပ်ဆောင်မှုပိုင်းနဲ့ ပတ်သက်လို့ သဘောကျ ချီးကျူးတာကြောင့် ပျော်တယ်လို့ သဇင်ထူးမြင့်က ဆိုပါတယ်။
“ဖေဖေက သမီး ရိုက်ထားတဲ့ Short Film တွေ၊ Music Video တွေ သရုပ်ဆောင်မှုတွေမှာ သဘောကျတယ်လို့ ပြောတယ်။ ချီးကျူးတော့ အရမ်းပျော်တယ်။ ဖေဖေက အိုက်တင်တွေတော့ မသင်ပေးဘူး။ စိတ်နေစိတ်ထားတွေ သင်ပေးတယ်။ ကင်မရာ အယူအဆတွေ သင်ပေးတယ်။ ဖေဖေက ရုပ်ရှင်ကားတွေ အကုန်လုံးကို ကြည့်ခိုင်းတယ်။ ဝတ္ထုတွေ ဖတ်ခိုင်းတယ်”
“ဖေဖေ့ကြောင့် လူသိတာ မြန်တဲ့အတွက် ပိုပြီး ကြိုးစားလိုက်ရင် ပိုအောင်မြင်မယ်။ ပိုကြိုးစားဖို့နဲ့ သူတို့ ချစ်ပေးတာနဲ့ ကိုယ်က ပြန်ပေးတာပိုပြီး ပေးဆပ်နိုင်အောင် ဆုံးမပါတယ်။ အလုပ်ကို ကြားရက်ပဲ လုပ်တယ်။ စနေ၊ တနင်္ဂနွေ ကျောင်းလည်း သွားတော့ ဖေဖေကတော့ ပင်ပန်းမှာ စိုးရိမ်တယ်။ ဒီကားလေးကို အကောင်းဆုံး ကြိုးစားသွားပါ့မယ်”လို့ သဇင်ထူးမြင့်က ပြောပါတယ်။
သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးငယ်ဖြစ်တဲ့ သဇင်ထူးမြင့်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမယ် တယောက်အဖြစ် ပရိသတ်တွေ စတင် သိရှိခဲ့တာပါ။ အခုဆိုရင် သဇင်ထူးမြင့်က တီဗီကြော်ငြာတွေ လက်ခံ ရိုက်ကူးနေပြီး ဇာတ်လမ်းတွဲလည်း ရိုက်ကူးတော့မှာပါ။
သဇင်ထူးမြင့် ပါဝင်မယ့် “ဆုံစည်းခွင့်” ဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ စွမ်းပိုင် ရိုက်ကူးမှာ ဖြစ်ပြီး သရုပ်ဆောင်များ အနေနဲ့ အကယ်ဒမီ ခန့်စည်သူ၊ ထက်ယံ၊ အိချောပို၊ သဇင်ထူးမြင့်၊ ဇွန်သံစဉ်နဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်မယ်လို့ သိရပါတယ်။
You may also like these stories:
“အစ်ကို နှစ်ယောက်ကို ကြည့်ပြီး အချစ်ရေး မစဉ်းစားသေးဘူး”လို့ ပြောတဲ့ သဇင်ထူးမြင့်
လောင်းကစားကြောင့် ဘဝပျက်ဖူးလို့ လောင်းကစားကို စွန့်လွှတ်ခဲ့တဲ့ ခင်လှိုင်