ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ အော်စကာဆုကြေညာရာမှာ အလွဲကြီးလွဲခဲ့ပြီးတဲ့နောက် အခုတော့ ဂီတနဲ့ဆိုင်နဲ့ ဆုပေးပွဲမှာ ထပ်လွဲခဲ့ပြန်ပြီဖြစ်ပါတယ်။ မင်းသားကြီး Travolta ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ VMA ဆုပေးပွဲမှာ Queen Latifah နဲ့အတူ တနှစ်တာအတွက် အကောင်းဆုံး ဆုကို ပေးအပ်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ အော်စကာဆုပေးပွဲ မှာတုန်းက မင်းသမီး Idina Menzel ရဲ့ နာမည်ကို အသံမှားထွက်ခဲ့တဲ့ဖြစ်ရပ်ကို ပြန်လည်ဖာထေးဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။
အခုတကြိမ်မှာတော့ အရာအားလုံးအဆင်ပြေခဲ့ပေမယ့် ဆုကိုရရှိခဲ့တဲ့ Taylor Swift ကိုမပေးဘဲ တခြား တယောက်ကို ပေးဖို့ ကြိုးစားခဲ့တာကိုတွေ့ခဲ့ရပါတယ်။ အဆိုတော် Swift ဟာ အဲ့ဒီဆုပေးပွဲမှာ “You Need to Calm Down” ဆိုတဲ့ ဂီတဗီဒီယိုမှာ သူနဲ့အတူ ပါဝင်ခဲ့တဲ့လိင်တူချစ်သူသရုပ်ဆောင်တွေ၊ အကပညာရှင်တွေနဲ့အတူ တက်ရောက်ခဲ့တာပါ။
တကယ့်နာမည်ကျော်တွေ ပါဝင်တဲ့ အဲ့ဒီဗီဒီယိုဟာ တစ်နှစ်တာအတွင် အကောင်းဆုံးဗီဒီယိုဆုကို ရရှိခဲ့တာကြောင့် အဆိုတော် Swift နဲ့အတူ အဲ့ဒီဆုကို လက်ခံရယူဖို့ အဖွဲ့လိုက်ကြီး စင်ပေါ်ကိုပြေးတက်သွားခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာပဲ မင်းသားကြီး Travolta က မိန်းမကဲ့သို့ပြောင်းလဲဝတ်စားနေထိုင်တဲ့ Jade Jolie ဆိုသူကို ဆုပေးဖို့ ကြိုးစားခဲ့တာကြောင့် အဲ့ဒီညရဲ့ အွန်လိုင်းပေါ်မှာတော့ တော်တော်လေး လူပြောများသွားခဲ့တာပါ။ Jolie ကတော့ “John Travolta ရဲ့ကျေးဇူးနဲ့ ဒီညမှာ ကျမအတွက် ပထမဆုံးဆုကို ရရှိခဲ့ပါပြီ” လို့ Instagram မှာတင်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ ရေးသားခဲ့ပါတယ်။
အဲ့ဒီဂီတဗီဒီယိုထဲမှာ မိန်းမ လျာ တဦးအနေနဲ့ပါဝင်ခဲ့တဲ့ Jade Jolie ဟာ ဆုပေးပွဲမှာ အဆိုတော် Swift လိုမျိုးပဲ ဝတ်ဆင်လာတာကြောင့် နည်းနည်းဆင်တူတဲ့ပုံမှာရှိနေခဲ့ပါတယ်။ ဆုပေးပွဲစင်မြင့်ထက်ကို Swift ထက်အရင် တက်သွားခဲ့တာကြောင့် မင်းသားကြီး Travolta က လူမှားပြီးပေးခဲ့ပုံရပါတယ်။
အဲ့ဒီဆုပေးပွဲတုန်းက အလွဲလွဲ အချော်ချော်ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ မင်းသားကြီးက ဆိုရှယ်မီဒီယာပေါ်မှာ ပြန်တင်ခဲ့တာမရှိခဲ့ပေမယ့် Swift ၊ Jolie နဲ့ တခြားအဖွဲ့တွေနဲ့အတူ ဓာတ်ပုံအတူရိုက်ခဲ့ပါတယ်။ အခုလိုမျိုး မင်းသားကြီးဟာ စက္ကန့်ပိုင်းလောက် လွဲခဲ့ပေမယ့် အွန်လိုင်းပေါ်မှာတော့ တောမီးပမာ ပြန့်နှံ့သွားခဲ့ရတာလည်း ဖြစ်ပါတယ်။
Ref: cbsnews
You may also like these stories:
Forbes မဂ္ဂဇင်းရဲ့ တနှစ်တာ ဝင်ငွေအကောင်းဆုံး Celebrity အဖြစ် Taylor Swift သတ်မှတ်ခံရ
သီချင်းမူပိုင်ခွင့်တွေ ဆုံးရှုံးလိုက်ရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Taylor Swift
သီချင်းအသစ်နဲ့အတူ LGBTQ တန်းတူညီမျှမှုအတွက် တောင်းဆိုလိုက်တဲ့ Taylor Swift
အဆိုတော် ကေတီပယ်ရီက ခရစ်ယာန် Rap သီချင်းကို ကူးချခဲ့တယ်လို့ တရားရုံးအမိန့်ချ