ယခုနှစ်အတွက် Myanmar Idol Season 4 ပြိုင်ပွဲကြီးကို မကြာခင် ကျင်းပတော့မှာဖြစ်ပြီး ဒီပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အပြောင်းအလဲပြုလုပ်လိုက်တာဟာ ပြိုင်ပွဲဝင်တွေ အရည်အသွေးတက်ဖို့ အတွက် ရည်ရွယ်ပြီး လုပ်ခြင်းဖြစ်လို့ ပုဂ္ဂိုလ်ရေးတွေမပါဘူးလို့ ပြိုင်ပွဲစီစဉ်သူ ဒေါ်နန်းမောက်လောက်ဆိုင်က ဆိုပါတယ်။
“Myanmar Idol Season 4 ကို လာပြိုင်ကြတဲ့ ကလေးတွေ ပြိုင်ပွဲဝင် ၁သောင်းကျော် ၂သောင်းလောက်ရှိပါတယ်။ ဆန်ခါတင်ရွေးမယ့် အဆင့်ကတော့ လာမယ့် ၆ရက် စက်တင်ဘာ ကနေစပြီး ညတိုင်း ၈နာရီမှာ Channel 9 ကနေပြမှာဖြစ်ပါတယ်၊ အားပေးပါလို့ ပြောချင်ပါတယ်။ ကျမတို့ဆီမှာ ဂယက်မထတာ တနှစ်မှ မရှိဘူး၊ ဂယက်လေးက နည်းနည်းထတယ်”
“ ကျမတို့ နိုင်ငံမှာ တော်တဲ့ တတ်တဲ့ ဒိုင်တွေကို တယောက် တလှည့် ပူးပေါင်း ပါဝင်ပေးတာပေါ့၊ အကောင်းမြင်ပေးဖို့ ပြောချင်ပါတယ်။ Personal ပုဂ္ဂိုလ်ရေးလည်းမပါ ပါဘူး။ ဒိုင်အပြောင်းအလဲ လုပ်ရတာ ကလည်း ကျမတို့ ကလေးတွေ အရည်အသွေး တက်ဖို့အတွက် ရည်ရွယ်ပြီး အပြောင်းအလဲတွေ လုပ်ရတာပေါ့”
“ သူများနိုင်ငံနဲ့ သွားယှဉ်ရင် နောက်မကျဖို့လည်း အများကြီးပါ ပါတယ်။ ဒါကြောင့် ကလေးတွေ တိုးတက်အောင် ပြောင်းလဲတာပါ။ ဒီနှစ် Winner မိန်းကလေး ဖြစ်ဖို့မျှော်လင့်တာပဲ၊ ဒါပေမဲ့ အချိန်တန်တော့ ဘယ်လို ဖြစ်သွားတာလည်း မသိဘူး။ ကျမတို့ကလည်း အမှန်ကန်ဆုံး ဆုံးဖြတ်တာ၊ ဒေတာတွေနဲ့ အတိအကျရှိပါတယ်”လို့ ဒေါ်နန်းမောက်လောက်ဆိုင်က ပြောပါတယ်။
လိုအပ်ချက်တွေ၊ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်သုံးသပ်တယ်လို့ ဆိုတဲ့ ဒေါ်နန်းမောက်လောက်ဆိုင် က အရည်အသွေးတွေကို သေချာစီစစ်ပြီး Vote လုပ်ကြပါလို့ဆိုပါတယ်။
“Myanmar Idol Season 1 ကနေ 3 အထိ ကြုံတွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေ၊ အားသာချက်၊ အားနည်း ချက်တွေကို ပြန်လည်ပြင်ဆင်သုံးသပ်နေပါတယ်။ ပြီးခဲ့တဲ့ Season 3 တုန်းကဆို ကျမတို့ မျှော်မှန်းမထားတဲ့ ကိစ္စတွေလည်း ဖြစ်ခဲ့တယ်၊ ပရိသတ်တွေရဲ့ အားပေးမှုအရမ်းများခဲ့သလို ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်ကို Winner ဖြစ်စေချင်တာကြောင့် ပရိသတ်တွေအချင်းချင်း စိတ်ဆိုးကြတာတွေလည်း ရှိခဲ့ပါတယ်”
“ ကျမကတော့ အဲ့ဒီလိုမျိုး လုံးဝ မဖြစ်စေချင်ပါဘူး။ ကိုယ်ရွေးချယ်တဲ့ ကလေးတွေရဲ့ အရည်အသွေးတွေကို သေချာစီစစ်ပြီး Vote လုပ်ကြပါလို့ပြောချင်ပါတယ်။ ဒါမှလည်း ကျမတို့က ရွေးရတဲ့အခါမှာ မှန်ကန်တာကို ရွေးဖို့ရာအတွက် အခွင့်ရေးရှိလာမှာပါ။ မနှစ်ကထက် ကောင်းအောင် စီစဉ်နေပါတယ်”လို့ ဒေါ်နန်းမောက်လောက်ဆိုင်က ပြော ပါတယ်။
ယခုနှစ်အတွက် Myanmar Idol Seson 4 ရဲ့ Winner ဆုရှင်ကတော့ ငွေကျပ် သိန်း ၅၀၀ ရရှိမှာဖြစ်ပြီး Moon Myanmar Media မှလည်း တကိုယ်တော် အယ်လ်ဘမ် တချပ်ကို ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလမှ စတင်ကာ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့် ပြသသွားမှာဖြစ်ပြီး Grand Final ပွဲကြီးကိုတော့ ဒီဇင်ဘာလမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲမှ Winner များအဖြစ် စောလားထော်ဝါး၊ သားငယ်၊ ဖြိုးမြတ်အောင်တို့က အသီးသီးဆုများ ရရှိခဲ့ကြပြီး ဂီတလမ်းကြောင်းမှာလည်း အဆိုတော်များစွာ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
You may also like these stories:
Myanmar Idol အဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေကို အရင်ထက်ပိုပြီး ကြိုးစားသင်ပေးမယ့် ထရေဇီ
“Myanmar Idol သီချင်းဆိုပြိုင်ပွဲကို ပိုကောင်းအောင် တင်ဆက်မယ်”လို့ ကျော်ထက်အောင် ပြော
Myanmar Idol Season အသစ်မှာ ဒိုင်လုပ်ဖို့ မသေချာသေးဘူးလို့ ပြောတဲ့ တင်ဇာမော်