Entertainment

မန္တလေးမှာ Red Revolution Show ပွဲကြီးလုပ်ဖို့ ပြင်ဆင်နေတဲ့ နီနီခင်ဇော်

ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ အဆိုတော် နီနီခင်ဇော်က နှစ်တိုင်း ကျင်းပပြုလုပ် နေကြ ဖျော်ဖြေပွဲကြီး ဖြစ်တဲ့ Red Revolution ကို ဒီနှစ်မှာတော့ မန္တလေးမှာ ကျင်းပပြုလုပ်မယ်လို့ ဆိုပါတယ်။

“လတ်တလောမှာတော့ ရှေ့တလလောက်မှာ ထွက်မယ့် အခွေအတွက် အသံသွင်းနေပါတယ်။ ၁၀ လပိုင်းမှာ နီနီရဲ့ Revolution ဖျော်ဖြေပွဲ အပိုင်း ၃ အတွက် ပြင်ဆင်နေပါတယ်။ Revolution ကို နီနီတို့ နှစ်တိုင်းဆိုသလို အရင်က လုပ်ခဲ့တဲ့ စံချိန်ကို အမြဲတမ်း ချိုးဖို့အတွက် နီနီတို့ ကြိုးစားနေကြပါတယ်”

“နီနီ အပါအဝင် အဖွဲ့သားတွေ အကုန်လုံးက ဘယ်လို ဆန်းသစ်တဲ့အရာတွေနဲ့ ပရိသတ်ကို ပေးမလဲပေါ့နော်။ ဒီတခါ ထူးခြားတာက မန္တလေးမှာ လုပ်မှာဖြစ်တဲ့ အတွက် နေရာအသစ်၊ ပရိသတ်အသစ်တွေနဲ့ ဆုံရမှာဖြစ်လို့ မန္တလေးက ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျဖို့ နီနီတို့ ဖန်တီးနေရပါတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

နီနီခင်ဇော် ကိုယ်တိုင် ပါဝင်သရုပ်ဆောင်သွားမယ့် “အိပ်မက်ကာရံ” ဆိုတဲ့ ဇာတ်ညွှန်းကိုလည်း သူမကိုယ်တိုင် ရေးသားထားသလို သရုပ်ဆောင်ပိုင်းကိုလည်း သိပ်အများကြီးတော့ စိုးရိမ်မှု မရှိဘူးလို့ ဆိုပါတယ်။

“နီနီ ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်သရုပ်ဆောင်ဖြစ်တာက အနုပညာအလုပ်တွေဆိုတာ အကုန်လုံး စုပေါင်းပြီးမှ လုပ်ရတဲ့အလုပ်ပါ၊ တယောက်တည်း လုပ်တာမျိုးလည်း မဟုတ်ပါဘူး၊ ဇာတ်ညွှန်းရေးခဲ့တဲ့ သူတွေရော၊ သီချင်းတွေ ပုံဖော်တဲ့သူတွေရော အကုန်လုံး ပူးပေါင်းပြီး လုပ်ကြတာဖြစ်တဲ့အတွက် တယောက် တည်းလုပ်တယ်လို့ မပြောချင်ပါဘူး”

“ စလုံးရေ စ ကတော့ နီနီက လုပ်ခဲ့တယ်။ အဲဒါကတော့ နောက်နှစ်မှ လုပ်မယ့် Project ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေကလုပ်နေပါပြီ။ သရုပ်ဆောင်ရမှာကိုတော့ သိပ်အများကြီးတော့ စိုးရိမ်မှုမရှိဘူး။ ဒီဇာတ်လမ်းကို ကိုယ်တိုင် စခဲ့ရတဲ့ အရာလေးဖြစ်တဲ့အတွက် အစအဆုံး ကို နောကြေနေပြီ”

“နီနီတို့ လုပ်မယ့် အလုပ်က ဒရာမာဇာတ်လည်းမဟုတ်ဘူး၊ ပြီးတော့ ပုံမှန်ရိုက်နေကြလူလည်း မဟုတ်ဘူး၊ မင်းသမီး အလုပ်လည်း မဟုတ်ဘူးပေါ့နော်။ မင်းသမီးအလုပ် အတိအကျကြီး မဟုတ်တဲ့အတွက် နီနီတို့ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်လို ဇာတ်လမ်းမျိုးလဲ ဆိုတာ ပရိသတ်တွေ မကြာခင်မြင်ရမှာပါ။ ပါဝင်လာမယ့် အနုပညာရှင်တွေကိုလည်း မကြာခင်မှာ ကြေညာပါတော့မယ်။ အတွေ့အကြုံအများကြီးရမှာပါ”

“ ဒါက ဂီတဘက်နဲ့ သရုပ်ဆောင်ဘက် နှစ်ဖက်ဆိုတော့ အတွေ့အကြုံတွေ ဖလှယ်ကြရင်းနဲ့ အတွေ့အကြုံတွေ အများကြီးရမယ်လို့ မျှော်လင့်ပါတယ်။ ဒါကတော့ အလုပ်လုပ်ကြည့်တော့မှ ဘယ်လို အတွေ့အကြုံတွေရမလဲ သိရမှာပေါ့နော်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ နေရာယူထားကြတဲ့ သရုပ်ဆောင် အသီးသီးကို အပြည့်အဝ ယုံကြည်ထားပါတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

You may also like these stories:

အလွန်အမင်း အလုပ်လုပ်တဲ့သူတွေအတွက် သီချင်းတပုဒ် ဖန်တီးထားတဲ့ နီနီခင်ဇော်

မိစန္ဒီနဲ့အတူ ကြမ်းကြမ်းတမ်းတမ်း Music Video ရိုက်ထားတဲ့ နီနီခင်ဇော်

Loading