ကမ္ဘာကျော် အဆိုတော် Jon Bon Jovi ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ညပိုင်းမှာ သူ့တီးဝိုင်းနဲ့အတူ ဖြန့်ချိမယ့် Album အသစ်ရဲ့ နာမည်ကို “Runaway to Paradise Mediterranean Cruise” သင်္ဘောကြီးပေါ်မှာ ထုတ်ပြောလိုက်ပါတယ်။
“နောက်ထပ် ထွက်ရှိလာမယ့် အခွေရဲ့နာမည်က ‘Bon Jovi: 2020’ ဖြစ်မယ်။ နောက်နှစ်ကတော့ ရွေးကောက်ပွဲ နှစ်ပါ။ ဒီထက် ပိုဆိုးအောင်တော့ မလုပ်နိုင်တော့ပါဘူး”လို့ အမေရိကန် တေးရေးနဲ့ Rock အဆိုတော် Jon Bon Jovi က ပြောပါတယ်။
အဖွဲ့အနေနဲ့ ၂၀၁၆ ခုနှစ်မှာ နောက်ဆုံးထွက်ရှိခဲ့တဲ့ “This House is Not For Sale” Album နောက်ပိုင်း Album အသစ်ရဲ့ နာမည်ကို အခုမှ ရှင်းရှင်းလင်းလင်း ထုတ်ပြောလိုက်တာလည်း ဖြစ်ပါတယ်။ “This House is Not For Sale” Album ကတော့ ပုဂ္ဂိုလ်ရေးရာကိစ္စတွေနဲ့ ဆက်နွယ်ခဲ့တယ်လို့ Bon Jovi က ဆိုပါတယ်။ အခုတော့ စိတ်ရှင်းရှင်းနဲ့ ရှေ့ဆက်သွားနေပြီလို့ သိရပါတယ်။
ဒါ့အပြင် အခု ထွက်လာမယ့် အယ်လ်ဘမ်မှာ မကြာသေးမီက အိုဟိုင်းယိုးနဲ့ တက္ကဆက်ပြည်နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် စိတ်ဒဏ်ရာရပြီး စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရတဲ့ စစ်ပြန်တွေနဲ့ ပတ်သက်တဲ့ သီချင်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အဆိုတော် Bon Jovi က “အဲ့ဒီအတွက် ကျနော် အရမ်းပျော်ပါတယ်။ ဒါဟာ ထူးခြားတဲ့ အခွေဖြစ်မှာပါ” လို့ ပြောပါတယ်။ Sixthman မီဒီယာကနေ ထုတ်လုပ်တဲ့ ဂီတပွဲတော်ဖြစ်တဲ့ “The Runaway to Paradise Mediterranean Cruise” သင်္ဘောကြီးကို သြဂုတ်လ ၂၆ ရက်နေ့တုန်းက စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ကနေ Palma မြို့ဆီကို ရွက်လွှင့်ခဲ့ပါတယ်။
Bon Jovi ကတော့ အဓိကဖျော်ဖြေသူနေနဲ့ ပါဝင်ခဲ့ပေမယ့် မုန်တိုင်းအန္တရာယ်ကြောင့် သင်္ဘောပေါ်က ပြဇာတ်ရုံထဲမှာပဲ သီဆိုဖျော်ဖြေခဲ့ပါတယ်။
အဲ့ဒီရှိုးမှာ ပရိသတ်တွေနဲ့ အမေးအဖြေ လုပ်တဲ့ အစီအစဉ် ပါဝင်ပြီး “Thank You For Loving Me” သီချင်းတင်ဆက်မှုလည်း ရှားရှားပါးပါး ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Bon Jovi ရဲ့ ကမ္ဘာကျော်သီချင်းတွေ ဖြစ်တဲ့ “You Give Love a Bad Name” ၊ “It’s My Life” ၊ “Livin’ On A Prayer” တို့ကိုလည်း အသွင်သစ်နဲ့ ပြန်လည် သီဆိုတာ မြင်တွေ့ခဲ့ရပါတယ်။
ပရိသတ်တွေရဲ့မေးမြန်းမှုတခုမှာတော့ ဘယ်သူ့တွေရဲ့ သီချင်းတွေကို ရေးသားခဲ့ချင်ပါသလဲ ဆိုတဲ့မေးခွန်းကို Bon Jovi က Beatles အဖွဲ့ရဲ့သီချင်းတိုင်းကို ရေးချင်တဲ့အကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။
Ref: variety
You may also like these stories:
မရှိ ဆင်းရဲသားတွေအတွက် အခမဲ့ စားသောက်ဆိုင် ၂ ဆိုင် ဖွင့်လှစ်ထားတဲ့ Jon Bon Jovi
Instagram မှာ အယ်လ်ဘမ် အသစ်နဲ့ မိတ်ဆက်လိုက်တဲ့ Bon Jovi