သြဂုတ်လ ၁၀၊ ၁၁ ရက်နေ့များက Channel K ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့တဲ့ သက်ကြီးလူရွှင်တော်ပူဇော်ပွဲ ရန်ပုံငွေ ဖျော်ဖြေပွဲမှာ ဖိုက်စတားအဖွဲ့ရဲ့ ပြက်လုံးများဟာ “အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ထိခိုက်စေသည့် အသုံးအနှုန်းများ ပါဝင်ခဲ့၍ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ခေါ်ယူသတိပေး ဆုံးမခဲ့သည်”ဆိုတဲ့ သတင်းဟာ သတင်းအမှားသာ ဖြစ်ကြောင်း ဖိုက်စတား လူရွှင်တော်အဖွဲ့မှ လူရွှင်တော် အောင်သော်က ပြောပါတယ်။
“အဲဒီသတင်းက သတင်းအမှားပါ ခင်ဗျ။ အကောင့်အတု၊ သတင်းအတုသာ ဖြစ်ပါတယ်။ ပရိသတ်ကြီးအနေနဲ့ သတင်းတခုကို စဉ်းစားဆင်ခြင် သုံးသပ်ပြီးမှ ယုံကြည်ကြစေချင်ပါတယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်နဲ့ ဆက်သွယ် မေးမြန်းကြတဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်”လို့ လူရွှင်တော် အောင်သော်က ပြောပါတယ်။
အဆိုပါ ရန်ပုံငွေဖျော်ဖြေပွဲကို သြဂုတ်လ ၁၀၊ ၁၁ ရက်နေ့များက မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံမှာ လူရွှင်တော်အဖွဲ့များ စုပေါင်းကာ ကပြဖျော်ဖြေခဲ့ကြပြီးနောက် ဖိုက်စတားအဖွဲ့ရဲ့ ပြက်လုံးများကို လူမှုကွန်ရက် စာမျက်နှာမှာ ဝေဖန်မှုများ ရှိခဲ့ပါတယ်။
အဲဒီ ကိစ္စရပ်နဲ့ ပတ်သတ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဦးဖြိုးမင်းသိန်းအား ဖိုက်စတားအဖွဲ့ကို ခေါ်ယူ သတိပေးဆုံးမရန် ညွှန်ကြားခဲ့သည်ဟူသော သတင်းကို သတင်းမီဒီယာ Page တခုက ထုတ်ပြန်ခဲ့သလို အဆိုပါ သတင်းဟာ လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။
သတင်းမှာ ရေးသားဖော်ပြချက်များအရ “ဖျော်ဖြေပွဲတွင် ဖိုက်စတားအဖွဲ့ သရုပ်ဖော် တင်ဆက်ခဲ့သည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ သိရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ဖိုက်စတားအဖွဲ့ကို ခေါ်ယူသတိပေး ဆုံးမရန် ညွှန်ကြားခဲ့ကြောင်း” ရေးသားထားတာ တွေ့ရပါတယ်။
ဒါ့အပြင် “ယခု ပြက်လုံးများသည် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေသည့် ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲလို့ရကြောင်း၊ နောက်နောင် နိုင်ငံတော် အစိုးရအပေါ် ပြည်သူတွေ အထင်မြင် လွဲစေမယ့် ပြက်လုံးများကို မပြက်မိအောင် ထိမ်းသိမ်းကြဖို့ သတိပေးခဲ့သည်”လို့လည်း သတင်းမှာ ရေးသားထားပါတယ်။
“ပြက်လုံးတွေနဲ့ ပတ်သက်ပြီး ပြောကြားတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ အခုကိစ္စမှာ ကျနော်တို့ အဖွဲ့ကို ချစ်လို့ လုပ်တာလို့ ပြောလို့ရသလို၊ အမြင်ကတ်လို့ လုပ်တာလို့လည်း ပြောရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါက Cyber Bullying လုပ်တာပဲ။ ရန်ကုန်တိုင်းအစိုးရကတောင် သူတို့အနေနဲ့ မသိလို့ အဲဒီသတင်းနဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်တာလဲဆိုပြီး ကျနော့်ဆီကို လှမ်းမေးလို့ သတင်းအမှားပါလို့ ပြောရပါသေးတယ်။ အားလုံးဟာ ကောလာဟာလသာ ဖြစ်ပါတယ်”ဟု လူရွှင်တော် အောင်သော်က ပြောပါတယ်။
အကြောင်းအရင်း အမှန်မှာ လူရွှင်တော်အသင်း (ရန်ကုန်) မှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အား “သက်ကြီး လူရွှင်တော် ရန်ပုံငွေ ဘောလုံးပွဲနဲ့ ဖျော်ဖြေပွဲ” သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တက်ရောက်ပေးရန်အတွက် သြဂုတ် ၁၄ ရက်နေ့က သွားရောက် ဖိတ်ကြားမှုသာရှိခဲ့ပြီး ဝန်ကြီးချုပ်မှ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ခေါ်ယူ တွေ့ဆုံမှုမှာ မဟုတ်မှန်ကြောင်း အောင်သော်က ပြောပါတယ်။
“ကျနော်တို့က ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို လူရွှင်တော်အသင်း သက်ကြီး ရန်ပုံငွေပွဲအတွက် သွားရောက်ဖိတ်တာပါ။ သူတို့တင်တဲ့ ပုံထဲမှာ ကိုကောင်းကျော်၊ ကိုဗေလုဝ ပါတယ်။ အဲဒါကို ဖိုက်စတားဆိုပြီး သက်သက်ရေးတာ။ နာမည်ကြီးအောင် လုပ်တာ။ အခုဖြစ်တာနဲ့ ပတ်သက်ပြီးတော့ ကျနော့်ရဲ့ Facebook အကောင့်မှာလည်း ဖြေရှင်းချက် တင်ပေးထားပါတယ်”လို့ အောင်သော်က ဆက်ပြောပါတယ်။
သက်ကြီး လူရွှင်တော် ရန်ပုံငွေဖျော်ဖြေပွဲကို လူရွှင်တော်အသင်း(ရန်ကုန်)က ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး ဖျော်ဖြေပွဲမှာ လှူဒါန်းငွေ ကျပ်သိန်း ၂၀၀ ကျော်ရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သတင်းအမှားကို ရေးသား တင်ခဲ့တဲ့ သတင်း Page အနေနဲ့လည်း သတင်းအမှား ဖြစ်ကြောင်း ပြန်လည် ဖြေရှင်းထားတာ တွေ့ရပါတယ်။
You may also like these stories:
“သီးလေးသီးမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မရှိဘူး”လို့ လူရွှင်တော် စိန်သီး ပြော
သက်ကြီးသဘင်ပညာရှင်များကို တတ်နိုင်သလောက် ကူညီပေးနေတဲ့ လူရွှင်တော် အောင်သော်
“အခုချိန်မှာ နိုင်ငံရေးပြက်လုံးတွေကို ပိုရှောင်ရတယ်” လို့ လူရွှင်တော် ပန်းသီးပြော
ပိုက်ဆံ မရရင် နေပါစေ၊ ပွဲတွေမှာ ပြက်လုံးတွေ ပြက်ချင်သေးတဲ့ လူရွှင်တော် မန်းဝင်း