အစ္စရေးနိုင်ငံရဲ့ ဟာသဇာတ်မြူး ဒရာမာဖြစ်တဲ့ “On the Spectrum” ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ “Seoul Drama Awards” ပွဲမှာ ထိပ်တန်းဆုကြီးကို ရရှိခဲ့ပြီး ကိုရီးယား နာမည်ကျော်စီးရီးဖြစ်တဲ့ “The Fiery Priest” က ဆု ၂ ဆု ရရှိခဲ့ပါတယ်။
၁၂ ကြိမ်မြောက် ဆိုးလ်နိုင်ငံတကာ ဒရာမာ ဆုပေးပွဲအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ Kyunghee တက္ကသိုလ်ရဲ့ ငြိမ်းချမ်းရေး ခန်းမဆောင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အပိုင်း ၁၀ ပိုင်း ပါဝင်ပြီး အထီးကျန် စိတ်ဝေဒနာရှင်တွေအဖြစ်နဲ့ တခန်းထဲမှာ နေထိုင်ရတဲ့ လူငယ် ၃ ဦးအကြောင်း ရိုက်ကူးထားတဲ့ အစ္စရေး ရုပ်သံစီးရီးက ထိပ်တန်း အကောင်းဆုံးဆုကြီးကို ရရှိခဲ့ပါတယ်။
ဂျူရီအဖွဲ့ရဲ့အဆိုအရ Yes Studio က ထုတ်လုပ်တဲ့ အဲ့ဒီ ဒရာမာဟာ ပုံစံနဲ့ အချိန်ကန့်သတ်ချက် ရှိပေမယ့် ပေးချင်တဲ့ မက်ဆေ့ချ်ကို ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
“အကောင်းဆုံး အပိုင်းရှည် ဒရာမာဆု”ကိုတော့ တရုတ် ထူးခြားဆန်းကြယ် စီးရီး “The Golden Eyes” က ရရှိခဲ့ပါတယ်။ နယ်သာလန်နိုင်ငံက “Billy” ရုပ်ရှင်ကတော့ “အကောင်းဆုံး အပိုင်းတို ဒရာမာဆု”ကို ရရှိခဲ့ပါတယ်။ တောင်ကိုရီးယား ဒါရိုက်တာ ပတ်ချန်ဝု ထုတ်လုပ်တဲ့ “Little Drummer Girl” ဆိုတဲ့ အင်္ဂလိပ် စီးရီးကတော့ “အကောင်းဆုံး မီနီစီးရီးဆု”ကို ရရှိခဲ့ပါတယ်။
“Special Labor Inspector, Mr. Jo” ဒရာမာမှာ ပါဝင်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံမှ ကင်ဒုံဝုက “အကောင်းဆုံး မင်းသားဆု”ကို ရရှိပြီး “အကောင်းဆုံး မင်းသမီးဆု”ကိုတော့ ဂျာမနီနိုင်ငံမှ “Bauhaus” စီးရီးထဲက Alicia က ရရှိခဲ့ပါတယ်။
SBS ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ မှုခင်းဟာသစီးရီး “The Fiery Priest” ကတော့ “အကောင်းဆုံး ကိုရီးယား အနုပညာ ဒရာမာဆု” ရရှိခဲ့ပါတယ်။ အဲ့ဒီထဲက သရုပ်ဆောင် ကင်နမ်ဂီကတော့ “အကောင်းဆုံး မင်းသားဆု”ကို ရရှိခဲ့ပါတယ်။
အပိုင်း ၄၀ ပါဝင်တဲ့ အဲ့ဒီ စီးရီးဟာ အကြီးတန်း ခရစ်ယာန် ဘုန်းတော်ကြီးတဦး ထူးဆန်းစွာ သေဆုံးခဲ့ရတဲ့ အကြောင်းကို လူငယ် ဘုန်းတော်ကြီးတဦး၊ ထောက်လှမ်းရေးမှူးတဦးနဲ့ အမှုလိုက် တဦးတို့က လက်တွဲဖြေရှင်းရတဲ့ အကြောင်း အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
မင်းသမီး ဂျန်နာရာကတော့ “The Last Empress” စီးရီးနဲ့ “အကောင်းဆုံး မင်းသမီးဆု”ကို ရရှိခဲ့ပါတယ်။ အခုနှစ်မှာတော့ နိုင်ငံပေါင်း ၆၁ နိုင်ငံက ပါဝင်ယှဉ်ပြိုင်တဲ့ ဇာတ်ကားပေါင်းက ၂၇၀ အထိရှိခဲ့ပါတယ်။ အဲ့ဒီထဲကမှ ဆန်ခါတင် ဒရာမာ ၂၈ ကားကို ရွေးထုတ်ခဲ့တာ ဖြစ်ပါတယ်။
Ref. Yonhap
You may also like these stories:
နာမည်ကျော် ကိုရီးယားစီးရီး “Voice” ကို ထိုင်းနိုင်ငံက ပြန်လည် ရိုက်ကူးမည်
ရုရှားရုပ်သံစီးရီး “Silver Spoon” ကို ကိုရီးယားဒရာမာအဖြစ် ပြန်လည်ရိုက်ကူးမည်
ဒေါ်လာ ၃၃ သန်းကျော် အကုန်အကျခံ ရိုက်ကူးထားတဲ့ “Arthdal Chronicles” ဒရာမာ မကြာမီ ပြမည်