သီချင်းဆိုပြိုင်ပွဲများမှ အဆိုတော်များ ဖြစ်လာကြတဲ့ လွန်းဇောင်း၊ Leo၊ စောအယ်စေးမူးနဲ့ အောင်မြင့်မြတ်တို့ ပါဝင် ဖွဲ့စည်းထားတဲ့ “Uni4E” Boy Band မှာ ပင်တိုင် သီချင်းရေးသားသူ အဆိုတော် အောင်မြင့်မြတ်က အဖွဲ့မပျက်စီးအောင် အားလုံး ညှိယူ အလုပ်လုပ်နေရတယ်လို့ ပြောပါတယ်။
“အဖွဲ့မှာ အဖွဲ့ဝင် ၄ ယောက် ရှိတယ်။ လွန်းဇောင်းနဲ့ Leo၊ သူတို့က အရင်တုန်းက Dancer တွေဆိုတော့ သူတို့က သီချင်းဆိုရင် လှုပ်လှုပ်ရွရွကို ကြိုက်ကြတယ်။ ကျနော်နဲ့ စောအယ်စေးမူးက အငြိမ်သမားတွေဆိုတော့ သူတို့လည်း အဆင်ပြေအောင် ကျနော်တို့လည်း အဆင်ပြေအောင် ညှိ လုပ်ရတယ်။ ကျနော်က သီချင်းရေးတဲ့သူ ဆိုတော့ အဓိက ညှိလုပ်ရတယ်။ အကုန်လုံးက သူငယ်ချင်းတွေ ဖြစ်နေတော့ တယောက်နဲ့ တယောက် ချစ်ကြပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ”လို့ အောင်မြင့်မြတ်က ပြောပါတယ်။
“Uni4E Boy Band” အနေနဲ့ ပထမဆုံးအခွေ ထွက်ရှိထားပြီး အဖွဲ့သား အချင်းချင်း ရန်ဖြစ်လိုက်၊ စိတ်ဆိုးလိုက် ဖြစ်တဲ့ အကြောင်းအရာတွေလည်း ရှိတယ်လို့ အောင်မြင့်မြတ်က ဆိုတယ်။
“တဂျိမ်းဂျိမ်းနဲ့ တခုခုဖြစ်လိုက်၊ စိတ်ဆိုးလိုက်နဲ့ ပြီးတော့လည်း ဘာမှ ဟုတ်တာ မဟုတ်ပါဘူး။ အဖွဲ့တခုဖြစ်လာတော့မှ သေချာ နားလည်တယ်။ အခက်အခဲတွေတော့ အများကြီးပဲ။ အခုမှ စဖွဲ့တာဆိုတော့ တယောက်နဲ့ တယောက် ပိုပြီး Close ဖြစ်အောင်၊ အလုပ် ပိုလုပ်လို့ အဆင်ပြေအောင်၊ အဖွဲ့ မပျက်စီးအောင် ထိန်းသိမ်းရတဲ့ တာဝန်က တော်တော်ကြီးပါတယ်”လို့ အောင်မြင့်မြတ်က ပြောပါတယ်။
အဖွဲ့ဝင်များဟာ မတူညီတဲ့လူတွေ ဖြစ်ကြတဲ့အတွက် တယောက်နဲ့ တယောက် အဆင်ပြေအောင် ညှိနှိုင်းရတာတွေရှိပြီး အောင်မြင့်မြတ်က ပင်တိုင် တေးရေးသူတဦး ဖြစ်တာကြောင့် သီချင်းရေးတဲ့ အခါမှာလည်း ညှိပြီး ရေးရတယ်လို့ ဆိုပါတယ်။
အောင်မြင့်မြတ်ကတော့ လက်ရှိမှာလည်း စီနီယာ အဆိုတော်များအတွက် သီချင်းများ ရေးသားပေးနေပြီး ဇာတ်ဝင်တေးသီချင်းများလည်း ရေးသားနေတယ်လို့ သိရပါတယ်။
“ကျနော်ကတော့ အဓိကက သီချင်းရေးတာတွေပဲ လုပ်ဖြစ်နေတယ်။ တခြား သီချင်းဆိုနေတဲ့ အဆိုတော် စီနီယာ အစ်ကို၊ အစ်မတွေကို ရေးပေးနေတယ်။ ပြီးရင် ရုပ်ရှင်ဇာတ်ဝင်တေး ရေးုဖြစ်တယ်။ ပြီးတော့ ကျနော်တို့ Boy Band အတွက် သီချင်းလုပ်နေတယ်။ ကျနော်တို့ အခွေအတွက်ပေါ့။ ဒီနှစ်ထဲ ထွက်နိုင်အောင် တကယ်လို့မထွက်နိုင်ရင်လည်း Single Song အနေနဲ့ တခုချင်းစီတက်ဖို့အတွက် ကြိုးစားနေပါတယ်”လို့ အောင်မြင့်မြတ်က ပြောပါတယ်။
သီချင်းရေး၊ သီချင်းဆိုတာအပြင် အခုနောက်ပိုင်းမှာ သရုပ်ဆောင် တယောက်အနေနဲ့လည်း မြင်တွေ့နေရတဲ့ အောင်မြင့်မြတ်ကတော့ Canal + ရုပ်သံလိုင်းက ထုတ်လွှင့်နေတဲ့ “စာမျက်နှာသစ်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်ထားပြီး Season 2 မှာလည်း ဆက်လက် ပါဝင် သရုပ်ဆောင် နေပါတယ်။
“ဇာတ်လမ်းတွဲမှာ ကာရိုက်တာကတော့ မိဘက ပစ်ထားတယ်ပေါ့။ သူဌေးသား၊ ကိုယ်လုပ်ချင်တာတွေကို မလုပ်ရဘူး။ ကျောင်းနဲ့ လုပ်စရာရှိတဲ့ အလုပ်တွေကိုပဲ လုပ်နေရတယ်။ ကာရိုက်တာက ဂျစ်ကန်ကန်လေးပေါ့”လို့ အောင်မြင့်မြတ်ကပြောပါတယ်။
ထပ်မံပြီးတော့လည်း ကာရိုက်တာ ဆန်းဆန်းများကို သရုပ်ဆောင်ချင်ပြီး ပိုပြီးကြိုးစားချင်တယ်လို့ သူက ဆိုပါတယ်။
“ကျနော်က ဘယ်ဇာတ်ရယ်လို့တော့ မဟုတ်ဘူး။ ကာရိုက်တာ ဆန်းဆန်းလေးတွေ လုပ်ချင်တယ်။ ဒါကလည်း ကျနော်မှ မဟုတ်ပါဘူး။ တကယ် သရုပ်ဆောင်နေတဲ့ ပရော်ဖက်ရှင်နယ်တွေလည်း ကာရိုက်တာဆန်းလေးတွေပဲ သရုပ်ဆောင်ချင်ကြတာလေ။ အဓိကက ပိုကြိုးစားချင်တာပါ”လို့ အောင်မြင့်မြတ်က ပြောပါတယ်။
အဆိုတော် အောင်မြင့်မြတ်ကို “အိပ်မက်ဆုံရာ” သီချင်းဆိုပြိုင်ပွဲမှ ပရိသတ်များ သိရှိ အားပေးခဲ့ကြပြီး “Uni4E” Boy Band မှာလည်း အဆိုတော်၊ တေးရေး တဦးအနေနဲ့ ပါဝင်နေကြောင်း သိရပါတယ်။