မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှု ဓလေ့ထုံးတမ်းများနှင့် မြန်မာ့ သဘင်အနုပညာနှင့် သက်ဆိုင်သော ဝတ်စုံများကို ဖျက်ဆီးခြင်း၊ ပျက်စီးအောင် ပြုလုပ်ခြင်းများကို ယဉ်ကျေးမှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) က ထုတ်ပြန်ခဲ့သည်။
“မြန်မာ့ ယဉ်ကျေးမှုမှာပါတဲ့ အဓိက ဇာတ်မင်းသမီး၊ အငြိမ့်မင်းသမီးတွေ ကပြ ဖျော်ဖြေတဲ့အခါမှာ ဝတ်ကြတဲ့ ထိုင်မသိမ်း ဝတ်စုံကို ဖျက်လို ဖျက်ဆီးပြုတဲ့ သဘောပေါ့။ သူတို့ကတော့ ခေတ်မီအောင်ပဲ ပြောမလားတော့ မသိဘူး။ ထွင်ပြီးတော့ ဝတ်ဆင်ပြီးတော့ ပွဲတခုမှာ တက်လာတာပေါ့။ အဲဒီတော့ လူမှုကွန်ရက် စာမျက်နှာထက်မှာ တော်တော်လေး ဆူဆူညံညံ ဖြစ်လာတဲ့ အနေအထား ရှိတယ်၊ ဒါကြောင့် ကျနော်တို့ အနေနဲ့ ပြစ်တင် ရှုတ်ချတာပါ”ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက ပြောသည်။
ယခုလို ထုတ်ပြန်ရခြင်းမှာ လူမှုကွန်ရက် စာမျက်နှာထက်တွင် လူသိများသော ကျော်ကျော်နန္ဒက ပွဲ အခမ်းအနားတခုတွင် မြန်မာရိုးရာယဉ်ကျေးမှု ဝတ်စုံဖြစ်သော ထိုင်မသိမ်း အင်္ကျီအား ပုံစံပျက်စေသည့် ဝတ်စုံ ဝတ်ဆင်ကာ တက်ရောက်ခဲ့သည့် ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များမှာ အွန်လိုင်း စာမျက်နှာထက် ပျံ့နှံ့ခဲ့ရာမှ ဝေဖန်မှုများစွာရှိခဲ့ပြီး ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“မြန်မာလူမျိုးတွေရဲ့ အင်မတန် နှစ်လိုဖွယ်ကောင်းတဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေဖြစ်တဲ့ သဘင်ပညာရပ်ထဲမှာရှိတဲ့ မြန်မာ မင်းသမီးတွေ ရှေးအစဉ်အဆက်ကနေ လက်ရှိအချိန်ထိ ထိန်းသိမ်းစောင့်ရှောက်လာတဲ့ ထိုင်မသိမ်း အင်္ကျီကို ဖျက်ဆီးတာပဲ။ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းကို ဖျက်ဆီးတဲ့ သဘောသက်ရောက်တဲ့အတွက် သဘင်အစည်းအရုံးအနေနဲ့ သည်းခံနိုင်မှု စွမ်းအား မရှိပါဘူး။ ဒါကြောင့် အရေးယူဆောင်ရွက်မှုတွေ လုပ်သွားပါမယ်”ဟု ဦးနေဝင်းက ဆက်လက်ပြောသည်။
လူရွှင်တော် ကောင်းကျော်ကလည်း သူ၏ လူမှုကွန်ရက် Facebook အကောင့်တွင် အခုလို ရေးသားတင်ကာ ရှုတ်ချထားကြောင်း တွေ့ရသည်။
“အနုပညာသမားလို့ မင်းကိုယ်မင်း ခံယူထားတာ ဆိုရင်တော့ အခုလို လူမျိုးနဲ့ ရိုးရာယဉ်ကျေးမှုကို ထိခိုက်သွားစေမယ့် ပေါက်လွှတ်ပဲစား၊ အောက်တန်းစား ဆန်ဆန် လုပ်ရပ်မျိုးတွေနဲ့ နာမည်မကြီးချင်ပါနဲ့။ မြန်မာ့ရိုးရာယဉ်ကျေးမှု ထိုင်မသိမ်းဝတ်စုံအား သရုပ်ပျက် ဖက်ရှင်ဒီဇိုင်း ပြုလုပ်သည့် ထိုသရုပ်ဆောင် မဟုတ်၊ ဘာ မဟုတ်၊ ညာမဟုတ် ဆိုသူအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါတယ်”ဟု လူရွှင်တော် ကောင်းကျော်က ရေးသားထားသည်။
မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)အနေဖြင့် အရေးယူမှုများ လုပ်ဆောင်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ လွှတ်တော်များရှိ ယဉ်ကျေးမှုဆိုင်ရာကော်မတီများသို့ တင်ပြတောင်းဆိုသွားမည်ဟု သိရသည်။
“လက်ရှိ အခြေအနေမှာက မြန်မာနိုင်ငံ သဘင်အစည်းအရုံးဆိုတာက NGO အဖွဲ့အစည်း ဖြစ်တယ်။ နောက်ပြီး သဘင်နဲ့ ပတ်သက်တဲ့ ဥပဒေဆိုတာကလည်း ပြုစုရေးဆွဲထားတဲ့ ဥပဒေကြမ်း အနေနဲ့ပဲ တင်ပြထားတဲ့ အနေအထားမှာပဲ ရှိသေးတဲ့အတွက် သဘင်ဥပဒေအရ အရေးယူနိုင်တဲ့အနေအထားမျိုး မရှိပါဘူး။
သို့သော် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနကို တင်ပြပြီးတော့ ဘယ်လို အရေးယူလို့ရမလဲ ဆိုတာကို မေးမြန်းပြီးတော့ လုပ်ဆောင်သွားမယ်။ ကျနော်တို့ထက် ပိုပြီး လုပ်ပိုင်ခွင့် အာဏာရှိတဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ယဉ်ကျေးမှု ကော်မတီတို့ကို စာတင်သွားပြီး အရေးယူမှု ပြုလုပ်ပေးဖို့ တောင်းဆိုသွားဖို့ ရှိပါတယ်”ဟု မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက ပြောသည်။
ကျော်ကျော်နန္ဒက သဘင်ဆိုင်ရာ အဝတ်အစားကို သရုပ်ပျက် ဝတ်စားဆင်ယင်ခဲ့မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက နောက်ဆုံးအကြိမ် သတိပေး ခံဝန်ပြုလုပ်ခဲ့ရာ ကျော်ကျော်နန္ဒ အနေဖြင့် အဆိုပါ ဝတ်စုံကို ဒီဇိုင်နာချုပ်လုပ်ပေးသည့် အပေါ်သာ ဝတ်ဆင်ခဲ့ရခြင်းဖြစ်ပြီး ဒီဇိုင်နာအနေဖြင့်လည်း ဖျက်ဆီးလိုသော ရည်ရွယ်ချက် မရှိကြောင်း ဖြေကြားထားသည်။
“ဒီဇိုင်နာက Mobile Legends အရုပ်ကလေးနဲ့ တူအောင် ဆန်းသစ်တီထွင် ဖန်တီးချုပ်လုပ် ဝတ်ဆင်ခဲ့မှုမှာ သဘင်အဖွဲ့ အမျိုးသမီး ဝတ်စုံနှင့် ဆင်တူဖြစ်နေသောကြောင့် ဒီဇိုင်နာနှင့် ကျနော် သဘင်အစည်းရုံးကို တရားဝင် တောင်းပန်မှုများ ပြုလုပ်သွားမှာ ဖြစ်ပါသည်။ လူငယ်တို့၏ သဘာဝအရ ဆန်းသစ် တီထွင်မူများသည် တခါတရံ အမှားဖြစ်တတ်ကြောင်းကို အားလုံး စံနမူထား စေချင်ပါသည်”ဟု ကျော်ကျော်နန္ဒက သူ၏ Facebook အကောင့်တွင် ပြန်လည် ရေးသား ဖြေရှင်းထားသည်။
You may also like these stories:
ရုပ်ရှင်အစည်းအရုံးမှ အကယ်ဒမီပွဲတက်ခွင့် ပိတ်လိုက်တဲ့ ဖိတ်စာပိုင်ရှင်ဟာ ကျော်ကျော်နန္ဒလို့ ဆို