Entertainment

ချင်းတောင်မှာ ရုပ်ရှင် ရိုက်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြတဲ့ မင်းသန့်မောင်မောင်

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့ နှစ်ဦး တွဲဖက် ရိုက်ကူးတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ကားကိုတော့ ချင်းတောင်မှာ သွားရောက် ရိုက်ကူးခဲ့ပြီး ရိုက်ကူးခဲ့ရတဲ့ အခက်အခဲများကို မင်းသန့်မောင်မောင်က အခုလို ပြောပြခဲ့ပါတယ်။

“ကျနော်က သြဂုတ် ၂ ရက်နေ့က သွားတယ်။ ၂၈ ရက်နေ့မှ ပြန်ရောက်တာဆိုတော့ ၁ လနီးပါးလောက် နေရတယ်။ ကျနော်တို့ တောင်ပေါ်လည်း တက်ရတယ်။ ချောင်တွေထဲမှာ သွားနေရတယ်။ မိုးတွေလည်း ရွာတယ်ဆိုတော့ အခက်အခဲတွေ အများကြီး ကြုံတွေ့ရတယ်။ မိုးတွေကလည်း ရွာထားတော့ ဗွက်တွေချည်းပဲ။ ချော်ရင်လည်း ချော်နိုင်တယ်၊ မလွယ်ဘူး”လို့ မင်းသန့်မောင်မောင်က ပြောပါတယ်။

ဒီရုပ်ရှင်အတွက် အားစိုက်ထားတဲ့ အပိုင်းတွေ အများကြီးရှိပြီး ရုပ်ရှင် ထွက်လာရင်တော့ တွေ့ရမယ်လို့ မင်းသန့်မောင်မောင်က ဆိုပါတယ်။

“ဘာလို့ ဒီဇာတ်ကားကို ကြိုးစားပြီးလုပ်ခဲ့တာလဲဆိုတော့ ဇာတ်ကား ထွက်လာရင်တော့ သိရမှာပေါ့။ ပရိသတ်တွေအတွက် Message ရှိတယ်။ လူတွေအတွက် Motivate လုပ်ချင်တယ်။ ဇာတ်ကားပြတဲ့အချိန်မှာ တွေ့မှာပေါ့” လို့ မင်းသန့်မောင်မောင်က ပြောပါတယ်။

“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ကိုတော့ ကိုရီးယား – မြန်မာ ချစ်ကြည်ရေးအတွက် မြန်မာနိုင်ငံရှိ ချင်းပြည်နယ်နဲ့ ကိုရီးယားနိုင်ငံတို့မှာ သွားရောက် ရိုက်ကူးထားတာဖြစ်ပြီး ကိုရီးယား သရုပ်ဆောင် မင်းသားလည်း ပါဝင်ထားပါတယ်။

“သူတို့ (ကိုရီးယား) တွေက အချိန်ဇယားတွေလည်း တိကျတယ်။ မိတ်ကပ်တွေ၊ အဝတ်အစားပိုင်းတွေလည်း ပြင်ဆင်ပြီးမှ လာတယ်။ တော်တော်လေးကို အချိန်လေးစားတယ်။ သရုပ်ဆောင်လည်း တော်တော် ကောင်းတယ်။ အရမ်း ပရော်ဖက်ရှင်နယ်လည်း ဖြစ်ပါတယ်”လို့ မင်းသန့်မောင်မောင်က ပြောပါတယ်။

ဒီဇာတ်ကားကိုတော့ မိုးနီလွင်ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့က ရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် ကျော်ထက်အောင်၊ Ryu Sang Wook၊ ဝတ်မှုံရွှေရည်တို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

“ဒီကားမှာတော့ ကျနော်တို့ နှစ်ယောက် ကြိုးစားခဲ့တာပေါ့။ တချို့ကားတွေ ထက်စာရင် အရမ်းကို အသစ်အဆန်းလေးပေါ့။ အရသာလည်း မတူဘူး။ ရိုက်ချက်တွေလည်း မတူဘူး။ အရမ်းကို ကွာတဲ့ ဇာတ်ကားလေး တခုပေါ့။ ရုံတင်ရင် လာကြည့်ကြပါ” လို့ မင်းသန့်မောင်မောင်က ပြောပါတယ်။

မင်းသန့်မောင်မောင်ကတော့ ဖခင်ဖြစ်သူရဲ့ ခြေရာကို နင်းပြီး ဒါရိုက်တာ တယောက်အနေနဲ့ ဖခင်ဖြစ်သူရဲ့ အနှစ် ၄၀ ကျော် အတွေ့အကြုံများကို သင်ယူလျက်ရှိပြီး ရုပ်ရှင်ဇာတ်ကားများ ဖန်တီးနေပြီ ဖြစ်ပါတယ်။

You may also like these stories:

သားဖြစ်သူနဲ့ အတွေးအခေါ်တွေ မတူတဲ့အကြောင်း ပြောပြတဲ့ စင်ရော်မောင်မောင်

သားဖြစ်သူ မင်းသန့်မောင်မောင်ကို ဒါရိုက်တာအဖြစ်နဲ့ပဲ အောင်မြင်စေချင်တဲ့ မေသန်းနု

Did you find apk for android? You can find new Free Android Games and apps.
Loading