လူငယ် အမျိုးသမီး ဒါရိုက်တာ တဦးဖြစ်တဲ့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက Beauty Blogger၊ သရုပ်ဆောင် နေခြည်ဦးနဲ့အတူ ထိုင်းနိုင်ငံသို့ သွားရောက်ကာ Method Acting နဲ့ ပတ်သက်ပြီး လေ့လာ သင်ကြားခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ပွင့်က အရင်တုန်းကဆိုရင် Method Acting နဲ့ပတ်သက်ပြီး မသိဘူး။ ဒါနဲ့ ပတ်သက်ပြီး သိချင်တယ်။ အဓိကက သရုပ်ဆောင်တယောက် ဖြစ်ဖို့အတွက် ဘာတွေလိုအပ်လဲ။ ပြီးတော့ သရုပ်ဆောင်တယောက်ကို ရိုက်ကွင်းမှာ သူတို့ရဲ့အကောင်းဆုံး လုပ်ဆောင်ချက်တခု ထွက်လာအောင် ပွင့်ဘက်က ဘယ်လို ကူညီပေးလို့ရမလဲ။ အဲဒါကို အဓိက သိချင်တာပေါ့”
“အခုသင်ပေးတဲ့ ဆရာကို ကြည့်နေတာကြာပြီ။ ကိုဇဏ်ခီတို့၊ မသု (ပိုင်ဖြိုးသု) တို့နဲ့လည်း သင်ဖူးတယ်။ မသုကလည်း မှတ်ချက် ပေးထားတယ်ဆိုတော့ ပွင့်ကသွားမယ်ဆိုတာကို မချီ (နေခြည်ဦး) ကို ပြောလိုက်မိတာ။ သူကလည်း ရုပ်ရှင် ရိုက်စရာ ရှိတယ်။ လိုက်ခဲ့မယ်ဆိုပြီး နှစ်ယောက် သွားဖြစ်ကြတာ”လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။
အဆိုပါ သင်တန်းကို ၃ ရက်တာ သွားရောက်ပြီး သင်ကြားခဲ့တဲ့အချိန်မှာတော့ အကျိုးရလဒ်များစွာ ရရှိခဲ့ပြီး ဒါရိုက်တာ တယောက်အနေနဲ့ ဆရာ့ရှေ့မှာ အိုက်တင်တွေ လုပ်ရတဲ့အတွက် ရှက်ရတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
“ဟိုရောက်တဲ့ အချိန်မှာလည်း အိုက်တင်တွေ လုပ်ရတာပေါ့နော်။ ပွင့်က အရမ်းရှက်တာ။ ရိုက်ကွင်းပေါ်မှာတော့ Mood ဝင်ပြီး သင်ပေးရင်း လျှောက်လုပ်တာတွေတော့ ရှိတာပေါ့။ အဲ့လိုလုပ်ရတော့ အရမ်းရှက်တာပေါ့။ မချီလည်းပါတော့ ကိုယ်က အတင်းခိုင်းနေတဲ့ မင်းသမီးအရှေ့မှာ အိုက်တင်တွေ လုပ်ရတော့ တော်တော် ရှက်တယ်။ ဆရာကလည်း တော်တော်သင်ပေးတယ်။ သွားတက်တာကတော့ ၃ ရက်ပါပဲ။ ဒါပေမဲ့ တော်တော် အကျိုးရှိတယ်”လို့ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။
ဒါရိုက်တာ တယောက်အနေနဲ့ သရုပ်ဆောင် တယောက်ကို ကာရိုက်တာပိုင်းနဲ့ ပတ်သက်ပြီး ပံ့ပိုးပေးနိုင်ရန်နဲ့ သရုပ်ဆောင်တယောက်က ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစောင့်ရှောက်ရမလဲ ဆိုတာတွေကို သင်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
“သရုပ်ဆောင် တယောက်အနေနဲ့ ကာရိုက်တာကို ကိုယ့်စိတ်ထဲမှာ ထည့်တာတို့၊ Mood ထည့်တာတို့ အဲဒါကို သင်ပေးတယ်။ သရုပ်ဆောင် တယောက်က ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်သင့်တာကို သင်ပေးတယ်။ ပွင့်ဆိုရင်လည်း ဒါရိုက်တာ တယောက်ဆိုတာ သိနေတော့ ဒါရိုက်တာ တယောက်အနေနဲ့ လုပ်သင့်တာတွေကို သင်ပေးတယ်”လို့ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။
ဒါရိုက်တာ ပွင့်သိင်္ဂီဇော်ကတော့ လက်ရှိ အချိန်ထိ ဗီဒီယိုဇာတ်ကားများစွာနဲ့ ရုပ်ရှင်ကား ၈ ကား ရိုက်ကူးပြီးစီးသွားပြီ ဖြစ်ပါတယ်။ မကြာသေးခင်က ရိုက်ကူးထားတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ကားကိုလည်း ယခုနှစ်အတွင်း ရုံတင်ပြသနိုင်တော့မှာ ဖြစ်ပါတယ်။
“အခုဆိုရင် ဆင်ဆာတွေ၊ ဘာတွေ တင်ပြီးသွားပြီ။ ထွက်လာတဲ့အချိန်မှာ ပွင့်တော်တော် သဘောကျတယ်။ ကိုနေတိုးက ရိုမန့်စ်ကားတွေတော့ ရိုက်တယ်။ ဒါပေမဲ့ သူ့ကားတွေမှာ အရမ်း ရိုလိုက်တာပေါ့။ အဲ့လိုမျိုးဆို သိပ်မရှိဘူးပေါ့။ ရိုက်နေတုန်းက ပွင့်က အတင်း ရိုခိုင်းတာပေါ့။ မချီ(နေခြည်ဦး) ဘက်ကနေလည်း ကိုနေတိုးနဲ့ ပထမဆုံး တွဲရတာဖြစ်တဲ့အတွက် အားထည့်ပြီးလုပ်တယ်။ နှစ်ယာက်လုံးက တော်တော် ကောင်းတယ်။ ချစ်ဖို့ကောင်းတဲ့ အခန်းတွေ တော်တော်များတယ်”လို့ ပွင့်သိင်္ဂီဇော်က ဆိုပါတယ်။
ဒါရိုက်တာ ပွင့်သိင်္ဂီဇော်ကတော့ မြန်မာ့ရုပ်ရှင်လောကမှာ လက်ချိုးရေလို့ရတဲ့ အမျိုးသမီး ဒါရိုက်တာများထဲမှ တဦးဖြစ်ပြီး သူကတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရဲ့ သမီးလည်း ဖြစ်ပါတယ်။
You may also like these stories:
မြင့်မြတ် ချောတာတွေပဲ ရိုက်ပြထားတဲ့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်
နေတိုးနဲ့ တွဲပြီး သရုပ်ဆောင်ရမှာ အရမ်းရှိန်နေတဲ့ နေခြည်ဦး