ကိုရီးယားဇာတ်လမ်းတွဲတွေကို အဓိကသရုပ်ဆောင် မင်းသား၊ မင်းသမီးတွေကြောင့် ပရိသတ်စိတ်ဝင်စားတယ် ဆိုပေမယ့် တခါတလေကြည့်နေရင်းနဲ့ ဇာတ်ပို့ သရုပ်ဆောင်မင်းသားတွေကို အချစ်ပိုသွားတဲ့ Second Lead Sydrome မျိုးလည်း ပရိသတ်တွေမှာ ရှိတတ်ပါတယ်။
ဇာတ်လမ်းသဘောအရ အနစ်နာခံ၊ ပေးဆပ်မှုတွေ ကြောင့် ပရိသတ်မေတ္တာတွေ သိမ်းပိုက်သွားကြတဲ့ ဇာတ်ပို့တွေက ဘယ်သူတွေဖြစ်မလဲ ကြည့်ရအောင်။ ဇာတ်လမ်း မကြည့်ရသေးသူတွေအတွက်တော့ Spoiler အနည်းငယ်ပါနိုင်ပါတယ်။
Lee Do Hyun (Hotel Del Luna)
ပြသဆဲ ဇာတ်ရှိန်အမြင့်ဆုံးဖြစ်နေတဲ့ Hotel Del Luna ကားထဲမှာ ခေါင်းဆောင်မင်းသားထက် နောက်ဆုံးအပိုင်းတွေမှာ ပါဝင်လာသူ မင်းသား Go Chung Myung (Lee Do Hyun) ကို ပရိသတ်တွေ အချစ်ပိုနေကြပါတယ်။ သူက လွန်ခဲ့တဲ့ နှစ် ၁,၃၀၀ ကျော် ကတည်းက ပိုးစုန်းကြူးဘဝနဲ့ ချစ်သူကို စောင့်မျှော်နေတဲ့ ကာရိုက်တာကြောင့် ပရိသတ်တွေက သနားပြီး အချစ်ပိုနေကြတာပါ။
ဇာတ်သိမ်းပိုင်းမှာ စောင့်မျှော်နေတဲ့ ချစ်ရသူက သူ့ဆီပဲ ပြန်လာ မလား၊ နောက်မှတွေ့တဲ့ မင်းသားနဲ့ပဲ လက်တွဲမလားကို ရင်ခုန်နေပေမယ့် ပိုးစုန်းကြူးလေးဘက်မှာ အလေး သာနေတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။
Ryu Jun Yeol (Reply 1988)
ဇာတ်လမ်းထဲမှာတော့ နောက်ဆုံး Deok Sun ရဲ့ အချစ်ကို ပိုင်ဆိုင်နိုင်သူက Kim Jung Hwan (Ryu Jun Yeol) မဟုတ်ခဲ့လို့ ပရိသတ်တွေ ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရပေမယ့် တကယ့်လက်တွေ့မှာတော့ Ryu Jun Yeol က Hyeri နဲ့ ချစ်ကြိုးသွယ်ခဲ့ကြတာကြောင့် ပရိသတ်တွေ ဖြစ်ချင်တဲ့ဆန္ဒလေး ပြည့်ဝခဲ့ပါတယ်နော်။
Yoo Yeon Seok (Mr.Sunshine)
ခေါင်းဆောင်မင်းသား Lee Byung Hun ထက် ပရိသတ်ပိုစိတ်ဝင်စားခဲ့တာကတော့ တဖတ်သက်အချစ်တွေနဲ့ Go Ae Shin ကို ပေးဆပ်ရင်းချစ်သွားခဲ့တဲ့ Goo Dong Mae (Yoo Yeon Seok) ကိုပါပဲ။ တုန့်ပြန်မခံရတဲ့ အချစ်တွေနဲ့ သနားစရာကောင်းခဲ့ပေမယ့် ပရိသတ်အချစ်တွေကိုတော့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Seo Kang Joon (Cheese in the Trap)
ဒီဇာတ်လမ်းတွဲထဲမှာ ပရိသတ်အချစ်တွေ သိမ်းပိုက်သွားသူက Hong Seol ကို တဖက်သတ် ချစ်နေမိတဲ့ ခပ်ဆိုးဆိုးကောင်လေး Baek In Ho (Seo Kang Joon) ပါ။ ဘယ်လိုပဲ မေတ္တာစစ်နဲ့ချစ်ခဲ့ပါစေ တုန့်ပြန်မခံရဘဲ နောက်ဆုံး ကိုယ့်ပြိုင်ဘက်ဆီကို ရောက်သွားတဲ့ ချစ်ရသူကို ပေးဆပ်ရင်း ချစ်ခဲ့ရသူတယောက်ပါ။
Ahn Bo Hyun (Her Private Life)
ငယ်ငယ်ကတည်းက သူငယ်ချင်းလို၊ အစ်ကိုတယောက်လို ချစ်ရသူ Deok Mi ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်ခဲ့ရပေ မယ့် ဖွင့်မပြောရဲဘဲ Friend Zone ထဲမှာ ပိတ်မိနေသူ Nam Eun Ki (Ahn Bo Hyun) တယောက် ချစ်ရသူရဲ့ တုန့်ပြန်မှုကို ပြန်မရခဲ့ပေမယ့် ပရိသတ်တွေရဲ့အချစ်တွေကိုတော့ အပြည့်အဝပြန်ရခဲ့ပါတယ်။
Ref: Soompi