ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့ နှစ်ဦး တွဲဖက် ရိုက်ကူးတဲ့ “တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ကားကိုတော့ ချင်းတောင်မှာ သွားရောက် ရိုက်ကူးခဲ့ပြီး ဒီလိုသွားရောက်ရိုက်ကူးခဲ့ရတာဟာ စစ်ဆင်ရေးအကြီးကြီးတခု လုပ်ရသလိုပဲလို့ စင်ရော်မောင်မောင်က ဆိုပါတယ်။
“ တိမ်တွေပေါ်က ပန်း”ဇာတ်ကားအတွက် စစ်ဆင်ရေးအကြီးကြီး တခုလုပ်သလိုပဲ တော်တော်လေးခက်ခက်ခဲခဲ ပြင်းပြင်းထန်ထန် စွန့်စားပြီးရိုက်ခဲ့ရတယ်။ မိုးရွာပြီးတဲ့အချိန် တိမ်နဲ့တောင်တန်းတွေက အရမ်းလှတယ်။ ကိုရီးယားမင်းသားရယ်၊ ဝတ်မှုံရွှေရည် ရယ်၊ ကျော်ထက်အောင်တို့က တော်တော်လေး ကြိုးစားသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျနော့်သား မင်းသန့်မောင်မောင်နဲ့ ကျနော်တို့ ပူးတွဲပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်”
“ ကျနော်ရိုက်ဖူးတဲ့ ကားတွေထဲမှာ စိတ်ကြိုက်အဖြစ်ဆုံးကား၊ အလှဆုံးကားလို့ပြောပါရစေ။ ဒီကားအတွက် အလွန်ကုန်ကျတဲ့ ကုန်ကျစရိတ်တွေရှိတယ်။ ပင်ပန်းကြတယ်။ Team တွေရော အားလုံးက Very Strong ပါ။ အားလုံးစိတ်ဓာတ်ပြင်းထန်ပြီး ကြိုးစားခဲ့လို့ ဇာတ်ကားအတွက် အကောင်းဆုံးတွေ ရခဲ့ပြီး ပြန်လာနိုင်ခဲ့ပါတယ် ”လို့ စင်ရော်မောင်မောင်က ဆိုပါတယ်။

သားဖြစ်သူ မင်းသန့်မောင်မောင်နဲ့လည်း Production ပိုင်းမှာ တော်တော်လေး ဆွေးနွေးလုပ်ဆာင်ခဲ့ရတယ်လို့ စင်ရော်မောင်မောင်ကဆိုပါတယ်။
“သားနဲ့ ကျနော်နဲ့ Production ပိုင်းမှာ တော်တော်လေး ဆွေးနွေးရပါတယ်။ နောက်ဆုံး သူလိုချင်တာလေးကို အလျော့ပေးလုပ်ပေးခဲ့တယ်။ အားလုံးကလည်း ဝိုင်းပြီးတော့ မင်းသန့်မောင်မောင်လုပ်ချင်တာလုပ် ခွင့်ရအောင် မင်းသားမင်းသမီးတွေလည်း လုပ်ကိုင်ပေးကြပါတယ်”
“အချိန်တိကျရောက်မလာတွေလည်း နားလည်ခွင့်ပေးရတာတွေ ရှိပါတယ်။ ဇာတ်ကားမှာ ထူးခြားတာက အင်္ဂလိပ်လိုပြောတာ ၉၀ ရာခိုင်နှုန်းပါ။ မြန်မာလိုပြောတာနည်းပါတယ်။ အဲ့ဒါကို မြန်မာစာတန်းထိုးပြီးပြမှာပါ။ “လျှို့ဝှက်သောနှင်း” ထက် ဒီဇာတ်ကားကရိုက်ရတာ ပိုခက်ခဲပါတယ်။ ရုပ်ရှင် Image ကို ထူးထူးခြားခြား ပြနိုင်မယ့် ကားလို့ အာမခံပါတယ်”လို့ စင်ရော်မောင်မောင်က ဆိုပါတယ်။

“တိမ်တွေပေါ်ကပန်း” ဇာတ်ကားကိုတော့ မိုးနီလွင်ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့က ရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် ကျော်ထက်အောင်၊ ကိုရီးယားမင်းသား Ryu Sang Wook နဲ့ ဝတ်မှုံရွှေရည်တို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။