မင်းသား Bradley Cooper ဟာ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Hangover” ရုပ်ရှင်ကနေ စလို့ ဟောလိဝုဒ်ရဲ့ အဓိက မင်းသားတွေထဲက တယောက် ဖြစ်လာခဲ့သူပါ။ အဲ့ဒီအချိန်ကစလို့ သူဟာ “Silver Linings Playbook” နဲ့ “American Sniper” လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ရုပ်ရှင်တွေဟာလည်း ကမ္ဘာတဝန်းကနေ ဒေါ်လာ ၁၁ ဘီလီယံအထိ ရရှိခဲ့ပြီး ဖြစ်ပါတယ်။
မင်းသား Cooper ရဲ့ အနုပညာလှုပ်ရှားမှုတွေကြောင့် Forbes မဂ္ဂဇင်းရဲ့ ထင်ရှားကျော်ကြား နာမည်ကျော်အယောက် ၁၀၀ စာရင်းမှာ ပါဝင်နိုင်ခဲ့သလို ၂၀၁၅ ခုနှစ်မှာ Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုးနိုင်မှု အရှိဆုံး ပုဂ္ဂိုလ်အယောက် ၁၀၀ စာရင်းမှာ ပါဝင်နိုင်ခဲ့ပါတယ်။
မကြာသေးခင်တုန်းကပဲ Forbes မဂ္ဂဇင်းကနေ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဝင်ငွေအမြင့်ဆုံး မင်းသား စာရင်းမှာ နံပါတ် ၆ နေရာကို ချိတ်ခဲ့ပြီး အသားတင်ဝင်ငွေဟာ တကယ့်ကိုပဲ ကြောက်ခမန်းလိလိ ဖြစ်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့အထိ မင်းသား Cooper ဟာ “Avengers: Endgame” နဲ့ “A Star is Born” ရုပ်ရှင်တွေကနေ ဒေါ်လာ ၅၇ သန်း ဝင်ငွေရခဲ့ပါတယ်။ “A Star is Born” ရုပ်ရှင်ကို မင်းသားက ကိုယ်တိုင်ရေးသား၊ ရိုက်ကူး၊ ထုတ်လုပ်ပြီး သရုပ်ဆောင်ခဲ့တာဖြစ်လို့ တော်တော်လေးကို အကျိုးအမြတ် ရှိခဲ့တယ်လို့ ဆိုရမှာပါ။
သူရရှိမယ့် သရုပ်ဆောင်ခကို ရုပ်ရှင်အတွက် ကနဦးမှာ စိုက်ထားခဲ့ရပေမယ့် အဆုံးမှာတော့ သူဟာ စိုက်ထားတဲ့ ပိုက်ဆံအပြင် အမြတ်တွေပါ ရရှိခဲ့ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ခန့်မှန်းချက်အရ မင်းသား Cooper ဟာ ရုပ်ရှင်အတွက် ဒေါ်လာ သန်း ၄၀ ဝင်ငွေရခဲ့ပါတယ်။ ထုတ်လုပ်တဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၃၆ သန်းပဲရှိပေမယ့် ကမ္ဘာတဝန်းကနေ ဝင်ငွေဒေါ်လာ ၄၃၅ သန်း ရရှိခဲ့ပါတယ်။
မင်းသားဟာ “The Hangover Part II”, “Limitless”, “American Hustle” နဲ့ “Guardians of the Galaxy” တို့လိုမျိုး ဝင်ငွေကောင်းတဲ့ ရုပ်ရှင်တော်တော်များများမှာလည်း ပါဝင်ခဲ့ပါတယ်။ များသောအားဖြင့်တော့ မင်းသားဟာ အဲ့ဒီရုပ်ရှင်တွေအတွက် ဝင်ငွေ ဒေါ်လာ သန်း ၂၀ လောက် ရရှိခဲ့ပါတယ်။
ဒါ့အပြင် မင်းသားက သူ့ရဲ့ ရုပ်ရှင်တွေကို ကိုယ်တိုင်ထုတ်လုပ်လေ့ ရှိပြီး သူဟာ မကြာခင် ရုံတင်တော့မယ့် “Joker” ရုပ်ရှင်ကိုလည်း ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းတလျှောက်လုံးမှာ မင်းသားဟာ BAFTA ဆုတဆု၊ ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံးဆု ၁ ဆု၊ ဂရမ်မီဆု တဆုတို့ကို ရရှိခဲ့ပါတယ်။
ဒါ့အပြင် သူဟာ အကယ်ဒမီ ဆု ၇ ကြိမ်၊ ရွှေကမ္ဘာလုံးဆု ၅ ကြိမ်၊ တိုနီဆု ၁ ကြိမ် ဆန်ခါတင်စာရင်းမှာ လျာထားခံရသူ ဖြစ်ပါတယ်။
Ref: Men’s Health
You may also like these stories:
လေဒီဂါဂါနဲ့ လေးနက်တဲ့ ဆက်ဆံရေးရှိပေမယ့် အချစ်ရေးကို ဦးစားမပေးဘူးလို့ Bradley Cooper ဆို
ချစ်သူသက်တမ်း ၄ နှစ်အကြာမှာ လမ်းခွဲလိုက်တဲ့ မင်းသား Bradley Cooper နဲ့ မော်ဒယ် Irina Shayk