ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ မင်းသား၊ မင်းသမီးတွေနဲ့ နှစ်စဉ် ပွဲ ၁ ပွဲသာ ကျင်းပမြဲဖြစ်တဲ့ နှင်းဆီအငြိမ့်ကိုတော့ အလှူများပြုလုပ်ရန်အတွက်သာ ကပြဖျော်ဖြေတာဖြစ်တယ်လို့ နှင်းဆီအငြိမ့်ကို စီစဉ်သူ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပြောပါတယ်။
“ကြားဖြတ်ပြီး ကတာပေါ့။ ရေဘေးအတွက်ပေါ့။ ပုံမှန် ကနေကျကတော့ ၁ ပွဲ၊ ၂ ပွဲပဲ ကနိုင်ကြတယ်။ အငြိမ့်ကတာကကျတော့ စီးပွားရေး မဟုတ်ဘူး။ အလှူပွဲတွေအတွက်ပဲ ကတယ်။ ပိုက်ဆံဘယ်လောက် ပေးရမလဲဆိုပြီး လာငှားကြတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေလည်း မကဖြစ်ဘူး”လို့ ဒါရိုက်တာ မောင်မျိုးမင်းက ပြောပါတယ်။
မကြာခင်မှာတော့ ရေဘေးသင့်ပြည်သူများအတွက် ပြန်လာထူထောင်ရေးလုပ်ငန်းများမှာ အသုံးပြုရန်အတွက် လှူဒါန်းဖို့ “နှင်းဆီလှေ” ဆိုတဲ့ နာမည်နဲ့ အငြိမ့် ကပြဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
“ကမယ့်ရက်က အောက်တိုဘာ ၄ ၊ ၅ မန္တလေးမှာ တရက်၊ ရန်ကုန်မှာ တရက်။ ကပြီးတော့ ပွဲကိုလာကြည့်တဲ့သူတွေနဲ့အတူ ရေဘေးသင့်ပြည်သူတွေကို ပြန်လည်ထူထောင်ရေး ရန်ပုံငွေ လှူဒါန်းကြမယ်။ “နှင်းဆီလှေ”လို့ နာမည်ပေးထားတယ်။ လဆန်းပိုင်းလောက်မှ စတိုက်မယ်” လို့ ဒါရိုက်တာ မောင်မျိုးမင်းက ပြောပါတယ်။
မန္တလေးနဲ့ရန်ကုန်မှာ တရက်စီ ကပြဖျော်ဖြေသွားမှာဖြစ်ပြီး ယခုလဆန်းပိုင်းမှာ စတင် အကတိုက်သွားမယ်လို့ သိရပါတယ်။
“ဦးမျိုးတို့တွေ တနေရာစီ ရောက်နေကြတယ်။ စာချုပ်တွေနဲ့ အလုပ်လုပ်ရတယ်ဆိုတော့ ဖျက်လို့ မရဘူး။ ဒီဟာကို အားလုံးပြန်စုလို့ ရတဲ့အချိန်တခု သတ်မှတ်ပြီးတော့ ပြန်စုပြီး အငြိမ့်တိုက်ကြမယ်။ လူတွေကတော့ ဒီလူတွေနဲ့ပဲ ကကြမယ်။ အစီအစဉ်တွေကတော့ အသစ်လေးတွေ စဉ်းစားထားပါတယ်” လို့ ဒါရိုက်တာ မောင်မျိုးမင်းက ဆိုပါတယ်။
ပြက်လုံးများကိုတော့ ပရိသတ် ရင်ခုန်စေရန် ကြို မပြောတော့ဘဲ အသစ်အဆန်းများကို စီစဉ်တင်ဆက်သွားမယ်လို့ ဆိုပါတယ်။ နှင်းဆီအဖွဲ့အနေနဲ့တော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ နေရာများကို သူတို့ရဲ့ အနုပညာနဲ့ အလှူငွေကောက်ခံပြီး သွားရောက် လှူဒါန်းလေ့ ရှိပါတယ်။
“အငြိမ့်ပွဲကို လာကြည့်ခြင်းအားဖြင့် အလှူ တခုလို ဖြစ်သွားမှာပါ။ အဲဒီအလှူက နောင်ဘဝအထိ ပါသွားမှာပါ။ နောင်ဘဝကျရင်လည်း နှင်းဆီချစ်တဲ့ ပရိသတ်တွေနဲ့ ရေစက် ပြန်ဆုံချင်ပါသေးတယ်။ လူဖြစ်ခွင့်ရမယ်ဆိုရင်ပေါ့” လို့ ဒါရိုက်တာ မောင်မျိုးမင်းက ပြောပါတယ်။
နှင်းဆီအဖွဲ့အနေနဲ့ နှင်းဆီဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ဒါရိုက်တာ မောင်မျိုးမင်း ဦးဆောင်ကာ သရုပ်ဆောင်များ မင်းသား၊ မင်းသမီးများက အငြိမ့်ကပြီး လှူဒါန်းမှုများ ပြုလုပ်လျက် ရှိပါတယ်။
You may also like these stories:
ရေဘေး ပြန်လည် ထူထောင်ရေးအတွက် “နှင်းဆီအငြိမ့်” ကဖြစ်မယ်လို့ နေတိုး ပြော
“အငြိမ့်ကနေရင်း မေ့သွားရင် အစားထိုးပြီးမကတတ်ဘူး”
ပရိသတ်ကို ရယ်မောပျော်ရွှင်စေနိုင်တဲ့ ဟာသစစ်စစ်တွေ ပြက်သွားမယ်