ငယ်ရွယ်စဉ်အချိန်တုန်းက မြန်မာ့လက်ရွေးစင် ကျွမ်းဘားမယ် တယောက်ဖြစ်ခဲ့တဲ့ အလှမယ် ထားထက်ထက်ဟာ လက်ရှိ အိုလံပစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ ကြက်တောင်မယ် သက်ထားသူဇာကို သူ့ရဲ့အတွေ့အကြုံနဲ့ ကိုယ်ချင်းစာတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“သူ့နေရာကနေ ကိုယ်တိုင်လည်း ဖြတ်သန်းလာရတဲ့အတွက် ကိုယ်ချင်းစာတယ်။ ထားထက်တို့တုန်းကတော့ အခုလောက်ထိ ငွေကြေးအင်အား ပံ့ပိုးမှု အားနည်းခဲ့တာတော့ မဟုတ်ဘူး။ တခြားပစ္စည်းပိုင်းဆိုင်ရာတော့ ပံ့ပိုးမှု အားနည်းခဲ့တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ သူကိုယ်တိုင် သူ့စရိတ်နဲ့သူ သွားပြိုင်နေရတဲ့အချိန် နိုင်ငံခြားရောက်တဲ့အခါမှာ သူအရမ်းအားငယ်ပြီး အိမ်ပြန်ချင်တယ်ဆိုတာကို ဖတ်လိုက်ရတယ်။ အဲဒါကို ကိုယ်ချင်းစာလို့ရတယ်”လို့ ထားထက်ထက်က ပြောပါတယ်။
ထားထက်ထက် သွားပြိုင်စဉ်အခါတုန်းကတော့ သက်ထားသူဇာလောက် ငွေကြေးထောက်ပံ့မှု အားမနည်းခဲ့တဲ့အတွက် အဆင်ပြေခဲ့ပြီး သက်ထားသူဇာကိုတော့ ဘယ်လို အခြေအနေပဲရှိရှိ ပန်းတိုင်ကိုရောက်အောင်သွားဖို့အတွက် အားပေးခဲ့ပါတယ်။
“ညီမလေးကို အားပေးချင်တာကတော့ ကိုယ်ရည်မှန်းထားတဲ့ ရည်မှန်းချက်၊ သွားချင်တဲ့ ပန်းတိုင်တခုကို ရောက်အောင် သွားပါ။ ဘယ်လို အခက်အခဲပဲရှိရှိ ရောက်အောင် သွားပါ။ နောက်မှာ ဘယ်သူ့မှ မရှိရင်တောင် ကိုယ့်ရဲ့မိဘက ကိုယ့်ကို အမြဲ Support (ထောက်ပံ့မှု) လုပ်ပေးနေတာဖြစ်တဲ့အတွက် အဲဒါကို အလေးထားပြီးတော့ ရောက်အောင်သွားပါလို့ အားပေးချင်ပါတယ်”လို့ ထားထက်ထက်က ပြောပါတယ်။
ထားထက်ထက်က သူကိုယ်တိုင်လည်း ကျွမ်းဘားအားကစားကို အသက် ၅ နှစ်အရွယ်မှ စတင် ကစားခဲ့ပြီး ၁၀ နှစ်တိုင်တိုင် မြန်မာ့လက်ရွေးစင်အဖြစ် SEA Games ပြိုင်ပွဲများအထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ ပထမမှ နှစ်သိမ့်ဆုအထိ ရရှိခဲ့ဖူးတဲ့သူ တယောက်ဖြစ်တယ်လို့ သိရပါတယ်။
“Sea Games တွေ ရောက်လို့ရှိရင် မြန်မာနိုင်ငံရဲ့ Level က ဟိုးအောက်ဆုံး ရောက်နေရင် စိတ်မကောင်းဖြစ်ရတယ်။ အရမ်း ခံစားရတယ်။ ကိုယ်တိုင် သွားပြိုင်တုန်းကလည်း မြန်မာနိုင်ငံသားဖြစ်လို့ နှိမ်ရင် အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ဒါကလည်း ကိုယ်တယောက်တည်း ပြောနေလို့လည်း ပြီးမှာမဟုတ်၊ ရမှာ မဟုတ်ဘူး”
“တာဝန်ရှိတဲ့သူတွေနဲ့ ပြည်သူတွေက ဝိုင်းဝန်းပံ့ပိုးပေးမှ ဖြစ်မှာပေါ့။ ထားထက်တို့တုန်းကလည်း ပံ့ပိုးသင့်သလောက် ပံ့ပိုးခဲ့ကြတယ်”လို့ ထားထက်ထက်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့အားကစားက တဖြည်းဖြည်း နောက်ရောက်လာသလို ခံစားနေရပြီး ဘောလုံးကိုပဲ တော်တော်များများက သိနေကြတယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ အားကစားဆိုရင် ဘောလုံးပဲ တော်တော်များများ သိကြတယ်။ ကျွမ်းဘားဆို မသိတဲ့သူတွေရှိတယ်။ ဘောလုံးကိုတောင် အကုန်လုံးကို အားပေးကြတာ မဟုတ်ဘူး။ အားကစားက တဖြည်းဖြည်းနဲ့ နောက်ကို ရောက်လာတယ်လို့ ခံစားရတယ်”
“ထားထက်တို့ရဲ့ရှေ့က စီနီယာကြီးတွေဆိုရင် ဆုတွေအများကြီး ယူနိုင်ခဲ့တယ်။ နေရာတခု ရခဲ့တယ်။ နောက်ပိုင်းမှာ အားကစားက တဖြည်းဖြည်း အခြေအနေ ဆိုးလာတယ်။ ဆုတ်ယုတ်လာတဲ့ အခါကျတော့ အားကစား တိုးတက်တာက နိုင်ငံတခု တိုးတက်ခြင်းလို့လည်း ပြောလို့ရတယ်”လို့ ထားထက်ထက်က ပြောပါတယ်။
ဘောလုံးပွဲများမှာလည်း အမျိုးသမီးပွဲစဉ်များကို ကြည့်ရှုသူ နည်းပါးပြီး အမျိုးသမီးများအနေနဲ့ ဆုရလာတာများသည့်တိုင် အားပေးမြှောက်စားမှု နည်းပါတာကြောင့် ဘယ်လို Gender မျိုးပဲဖြစ်ဖြစ် အားပေးစေချင်တယ်လို့ ပြောပါတယ်။
“ဘောလုံးမှာ ဆိုရင်တောင် ဘောလုံး အမျိုးသမီးပွဲတွေကို ကြည့်တဲ့သူ နည်းတယ်။ တကယ်တမ်းက အမျိုးသမီးတွေ ဆုရလာတာ များတယ်။ ဒါပေမဲ့ သူတို့ကို မြှောက်စားမှု နည်းတယ်။ ဘောလုံးဆိုရင် အကုန်လုံးက ယောကျ်ားလေးတွေကို ကြည့်ချင်တာ များကြတယ်”
“အဲဒါကကျတော့ Gender ခွဲတာလား၊ ဘာလား ဆိုတာကိုတော့ သေချာ မသိဘူး။ ဖြစ်စေချင်တာကတော့ တကယ်တော်တဲ့၊ တတ်တဲ့သူဆိုရင် အားပေးမှု၊ ထောက်ပံ့မှု အများကြီး လုပ်ပေးစေချင်တယ်။ ဘယ်လို Gender မျိုးပဲဖြစ်ဖြစ်”လို့ ထားထက်ထက်က ပြောပါတယ်။
ထားထက်ထက်ကတော့ လက်ရှိမှာ ကျွမ်းဘား အားကစားကို ခါးဒဏ်ရာကြောင့် မကစားနိုင်တော့ပေမယ့် နည်းပြအဖြစ် ပြန်လည် သင်ကြားလျက် ရှိပါတယ်။
You may also like these stories:
အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ
ကြက်တောင်မယ် သက်ထားသူဇာ အတွက် တပ်မတော်မှ ဂုဏ်ပြုချီးမြှင့်
“ဝါသနာရှင်တွေကို ပိတ်ပင်ရင် ပညာရှင်တွေ ဆုံးရှုံးလာနိုင်တယ်”လို့ ထားထက်ထက် ပြော
အလှမယ် ထားထက်ထက် ကိုယ်တိုင် သင်ကြားပေးမယ့် Triple H Sports Club