မင်းသား Joaquin Phoenix ပါဝင် သရုပ်ဆောင်ထားတဲ့ “Joker” ရုပ်ရှင်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းက ဗင်းနစ် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး ပရိသတ်တွေရဲ့ ၈ မိနစ်ကြာ မတ်တပ်ရပ်၊ လက်ခုပ်တီးအားပေးတာကို ခံခဲ့ရပါတယ်။
တက်ရောက်လာတဲ့ ပရိသတ်ကြီးရဲ့ တုံ့ပြန်မှုကို မြင်တွေ့ရမယ့် ဗီဒီယိုကိုတော့ အွန်လိုင်းပေါ်မှာ ဝေမျှခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။
Variety မီဒီယာရဲ့အဆိုအရ ရုပ်ရှင်ကို မီဒီယာမိတ်ဆက်အနေနဲ့ ၂ ကြိမ်ပြသခဲ့ပြီး ဒုတိယအကြိမ်မြောက် ပြသမှုမှာတော့ ရုပ်ရှင်အပြီး မင်းသား Phoenix ရဲ့ နာမည် ပိတ်ကားပေါ်မှာ ထွက်ပေါ်လာချိန်မှာ ကျယ်လောင်တဲ့ လက်ခုပ်တီး အားပေးမှုကို မြင်တွေ့ခဲ့ကြရပါတယ်။
အွန်လိုင်းပေါ်မှာ မျှဝေနေကြတဲ့ ဗီဒီယိုတွေထဲမှာတော့ ပြဇာတ်ရုံထဲမှာရှိတဲ့ မီးတွေ ပြန်လင်းလာတဲ့အချိန်မှာ လူတွေက တကယ့်ကို အားပါးတရ လက်ခုပ်တီးနေခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။
ဗင်းနစ်ရုပ်ရှင်ပွဲတော်ပြီးရင်တော့ “Joker” ရုပ်ရှင်ကို တိုရွန်တိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆက်လက်ပြသသွားမှာ ဖြစ်ပါတယ်။ ထုတ်လုပ်ရေးဖြစ်တဲ့ Warner Bros အနေနဲ့လည်း ဆုပေးပွဲရာသီမှာ ရုပ်ရှင်အတွက် အခွင့်အလမ်းတွေ ပိုများနိုင်အောင် လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။
မင်းသား Phoenix အပြင် ဒါရိုက်တာ Todd Phillips ပါ ချီးမွမ်းခံနေရတာ ဖြစ်ပါတယ်။ ဗီဒီယိုတွေမှာတော့ မင်းသားနဲ့ ဒါရိုက်တာဟာ အခုလိုမျိုး အားပေးလက်ခုပ်တီးမှုကို အသိအမှတ်ပြုပြီး ပြဇာတ်ရုံအတွင်းမှာ တဦးကို တဦးပွေ့ဖက်နေခဲ့ကြပါတယ်။
ဝေဖန်သူတွေရဲ့ သုံးသပ်ချက် အများစုကလည်း အကောင်းဘက်ကို ညွှန်ပြနေပြီး Rotten Tomatoes လို ရုပ်ရှင်ဝေဖန်ရေး ဝက်ဘ်ဆိုက်မှာ ၈၉ ရာခိုင်နှုန်းလောက် အားပေးမှု ရနေတာ တွေ့ရပါတယ်။
အော်စကာ ၃ ဆု ဆန်ခါတင်ဆုရှင် မင်းသား Phoenix ဟာ ကာတွန်းကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ အခုရုပ်ရှင်မှာ လင်းနို့လူသား ဗီလိန်အဖြစ် Jack Nicholson, Heath Ledger နဲ့ Jared Leto တို့ နောက်ပိုင်းမှာ သရုပ်ဆာင်တဲ့ မင်းသား ဖြစ်လာခဲ့ပါတယ်။
ဝေဖန်သူတွေကတော့ မင်းသားဟာ အခုရုပ်ရှင်နဲ့ နောက်ထပ် အော်စကာ ဆန်ခါတင်စာရင်းမှာ ပါဝင်လာနိုင်တယ်လို့ ပြောဆိုထားကြပါတယ်။ Robert De Niro, Zazie Beetz နဲ့ Frances Conroy တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “Joker” ရုပ်ရှင်ကိုတော့ လာမယ့် အောက်တိုဘာလ ၄ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။
Ref: hindustantimes