အမေရိကန်နိုင်ငံ၊ Tennessean ပြည်နယ်မှာ ရှိတဲ့ ကတ်သလစ်ကျောင်း တကျောင်းမှာ ကမ္ဘာကျော် စာရေးဆရာမ J.K. Rowling ရဲ့ ဟယ်ရီပေါ်တာ စာအုပ်တွေကို တားမြစ်လိုက်ပါတယ်။ အဲဒီ စာအုပ်တွေမှာ ဝိညာဉ် တစ္ဆေသရဲများကို ပင့်ဖိတ်နိုင်တဲ့ ကျိန်စာနဲ့ မန္တန်အစစ်တွေ ပါဝင်နေတယ်လို့ ယုံကြည်တဲ့ အပနှင်သူတွေနဲ့ ဆွေးနွေးကြခဲ့ပြီးတဲ့နောက် ကတ်သလစ်ကျောင်း စာကြည့်တိုက်ကနေ အဲ့ဒီစာအုပ်တွေ အားလုံးကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
The Tennessean မီဒီယာကနေ ရရှိခဲ့တဲ့ အီးမေးလ် တစောင်မှာတော့ St. Edward ကတ်သလစ်ကျောင်းအုပ်ကြီး Dan Reehil က ကျောင်းစာကြည့်တိုက်ကနေ အဲ့ဒီစာအုပ်တွေကို တားမြစ် ပိတ်ပင်လိုက်ရတဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြထားပါတယ်။
ကျောင်းအုပ်ကြီး Reehil က “ဒီစာအုပ်တွေဟာ အကောင်းရော၊ အဆိုးရော၊ မဟုတ်တာတွေ ရောထွေးနေ တဲ့ မှော်ပညာရပ်ကို ဖော်ပြထားပါတယ်။ ဒါပေမဲ့ ပါးပါးနပ်နပ် လှည့်ဖျားထားတာပါ။ အဲ့ဒီစာအုပ်ထဲမှာ အသုံးပြုထားတဲ့ ကျိန်စာနဲ့ မန္တန်တွေဟာ တကယ့် ကျိန်စာနဲ့ မန္တန်တွေဖြစ်ပြီး အဲ့ဒါတွေကို လူသားတွေက ဖတ်လိုက်မယ်ဆိုရင် ဖတ်နေတဲ့ လူရှိနေတဲ့နေရာကို မကောင်းဆိုးရွားတွေ ဆင့်ခေါ်ရောက်ရှိလာမယ့် အန္တရာယ် ရှိနေပါတယ်”လို့ အီးမေးလ်ထဲမှာ ရေးသားထားပါတယ်။
ကျောင်းအုပ်ကြီးရဲ့အဆိုအရ အဲ့ဒီစာအုပ်တွေကို ဖယ်ရှားဖို့ အကြံပြုခဲ့တဲ့ ရောမနဲ့ အမေရိကန်တခွင်က အပနှင်သူတော်တော်များများလည်း သူဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မိဘတဦးထံကနေ စုံစမ်းမှုတခုကို ရရှိခဲ့ပြီးတဲ့နောက် အခုလိုမျိုး အီးမေးလ် ပေးပို့လိုက်တာ ဖြစ်တယ်လို့ လည်း သိရပါတယ်။ အခု ကတ်သလစ် ဘုရားကျောင်းမှာတော့ ဟယ်ရီပေါ်တာ စာအုပ်တွေကို ဖယ်ရှားဖို့ အခွင့်အာဏာ မရှိပေမယ့် ကျောင်းမှာတော့ မသင့်လျော်ဘူးလို့ ယူဆရင် ကျောင်းအုပ်က ဖယ်ရှားခွင့် ရှိတယ်လို့ သိရပါတယ်။
ကျောင်းအုပ်တိုင်းဟာ သူအုပ်ချုပ်ရတဲ့ ကျောင်းအတွက် အခုလိုမျိုး ချပိုင်ခွင့်အာဏာရှိပြီး အခုလို အပြုအမူကို သူ့ရဲ့ လုပ်ပိုင်ခွင့်ထဲကနေပဲ လုပ်ဆောင်သွားတာ ဖြစ်တယ်လို့ ကျောင်းမှတာဝန်ရှိသူ Hammel က ရှင်းပြပါတယ်။ ပြီးတော့ တခြားစာကြည့်တိုက်တွေမှာ ရှိတဲ့ ဟယ်ရီပေါ်တာ စာအုပ်တွေကိုလည်း စောင့်ကြပ်ကြည့်ရှုတဲ့ စာရင်းအောက်ထဲ ထည့်ထားသင့်တယ်လို့ သူက ယုံကြည်ထားပါတယ်။
မှော်စွန့်စားခန်းတွေကို ဖော်ပြထားတဲ့ စာရေးဆရာမ Rowling ရဲ့ ဟယ်ရီပေါ်တာ စာအုပ်တွေကို ကော်ပီအုပ်ရေ သန်း ၄၀၀ ကျော် ရောင်းချထားရပြီး အဲ့ဒီစာအုပ်တွေကို ပြန်လည် ရိုက်ကူးထားတဲ့ရုပ်ရှင်တွေဟာလည်း ဝင်ငွေ ဒေါ်လာ ၆ ဒဿမ ၅ ဘီလီယံရရှိထားပြီး ဖြစ်ပါတယ်။
Ref: etcanada
You may also like these stories:
မကြာမီ ဟယ်ရီပေါ်တာ ဝတ္ထု E-book ၄ အုပ် ဖြန့်ချိဖို့ရှိနေတဲ့ J.K. Rowling
Tom Felton နဲ့တွဲနေတယ်လို့ သတင်းထွက်လာတဲ့ မင်းသမီး Emma Watson
ဟယ်ရီပေါ်တာဝတ္ထုမှ ဇာတ်ကောင် ၂ခုကြား လိင်တူဆက်ဆံရေးရှိကြောင်း ပြောတဲ့ JK Rowling ဝေဖန်ခံရ
Harry Potter ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ခဲ့ကြဖူးတဲ့ “Game of Thrones” သရုပ်ဆောင်များ
၂၀၂၁ ခုနှစ်ရောက်မှသာ ရုံတင်ပြသနိုင်တော့မယ့် “Fantastic Beasts 3”