ဝါရင့်သရုပ်ဆောင် မင်းသားကြီးတဦးဖြစ်တဲ့ အကယ်ဒမီ ရဲအောင်ကတော့ သူ့ရဲ့သားသမီးများအနေနဲ့ အနုပညာကို ဝါသနာမပါလို့ အနုပညာမျိုးဆက် မရှိပေမယ့် အနုပညာအသိုင်းအဝိုင်းက လူငယ်များကို လက်တွဲခေါ်ဖြစ်တယ်လို့ ပြောပါတယ်။
“အနုပညာ မျိုးဆက်ကတော့ မရှိပါဘူး။ ကျနော့် ကလေးလည်း ဝါသနာ မပါဘူးဆိုတော့ မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ အသိုင်းအဝိုင်းထဲမှာ နောက်ဝင်လာတဲ့ထဲမှာ ကိုယ့်သားအရွယ်၊ သမီးအရွယ်တွေ အများကြီးပဲဆိုတော့ သူတို့ကို လက်တွဲသွားမယ်။ အောင်မြင်လိမ့်မယ်လို့ ထင်တယ်”လို့ ရဲအောင်က ပြောပါတယ်။
သားဖြစ်သူကတော့ လွန်ခဲ့တဲ့ ၂ နှစ်က ၆ ဘာသာဂုဏ်ထူးနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့ပြီး အနုပညာကို ဝါသနာမပါဘဲ ပညာရေးဘက်ကိုသာ အားစိုက်တယ်လို့ သိရပါတယ်။
ရဲအောင်ကတော့ ကိုယ်တိုင်လည်း အနုပညာနဲ့ ပတ်သက်ပြီး ယနေ့အချိန်ထိ သင်ယူနေရဆဲဖြစ်ပြီး စီနီယာများဆီကသာမက လူငယ်များဆီကလည်း ပြန်လည် သင်ယူနေရဆဲလို့ ဆိုပါတယ်။
“ဒီနေ့ ဒီအချိန်ထိလည်း အနုပညာက သင်ကြားနေရတုန်းပါ။ ကိုယ့်ထက်ကြီးတဲ့ စီနီယာတွေဆီက သင်ယူရတာရှိသလို အခုဆိုရင် လူငယ်တွေက အရမ်းများလာပြီ။ သူတို့မှာ Talent တွေက အများကြီးပဲ ရှိတယ်။ ကိုယ်တွေ မတတ်တာကို သူတို့က တတ်တယ်ဆိုရင် သူတို့က မြင်ဆရာ၊ ကြားဆရာတွေပါပဲ”လို့ ရဲအောင်က ပြောပါတယ်။
ဆက်လက်ပြီး “စု ၊ တု ၊ ပြုပေါ့နော်။ စုစရာရှိတာတွေ စုရတယ်။ အတုယူစရာ ရှိတာတွေကို အတုယူရတယ်။ နောက်ပြန်ပြီးတော့ ပြုစုပြီး ဘယ်လို အသုံးချမလဲပေါ့။ အဘက်ဘက်ကပေါ့နော်။ ကိုယ်ဖြတ်သန်းခဲ့တဲ့အနုပညာခရီးလမ်းက အတွေ့အကြုံတွေနဲ့ ပေါင်းစုပြီးတော့ ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေးဆရာတွေနဲ့ တိုင်ပင်ပြီးတော့ အကောင်းဆုံး လုပ်ရတာပေါ့။ အဓိက ပရိသတ်တွေ အားပေးနေတယ်။ ဒါရိုက်တာတွေ၊ ပရိုဂျူဆာတွေနဲ့ အဆင်ပြေနေတယ်”လို့ ရဲအောင်က ပြောပါတယ်။
ရဲအောင်ကို ကြည့်လိုက်ရင် အမြဲတမ်း လူငယ်တယောက်လို လန်းဆန် းတက်ကြွနေရတာ တွေ့ရပြီး သူ့ရဲ့ နုပျိုမှုအကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“အစားအသောက်ကို အများကြီး မစားဖြစ်ဘူး။ ကျန်းမာရေးအရ လမ်းလျှောက်တယ်။ အချိန်ရရင် Gym သွားဆော့တယ်။ ဂေါ့ဖ်ရိုက်တယ် အရင်ကတော့။ အခုတော့ အချိန်မပေးနိုင်တော့လို့ မရိုက်ဖြစ်ဘူး။ အစားအသောက်ကို အဆီအဆိမ့် မစားဘူး။ ဒီလောက်ပါပဲ” လို့ ရဲအောင်က ပြောပါတယ်။
လက်ရှိ အချိန်မှာဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားများ ၊ ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးနေဆဲဖြစ်ပြီး နောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ပိုမိုရိုက်ကူးလာရတဲ့အပေါ်ကိုလည်း ရဲအောင်က အခုလို ဆိုပါတယ်။
“ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဇာတ်လမ်းတွဲက ရိုက်ကူးရတဲ့အချိန် ကွာတယ်။ ဇာတ်လမ်းတွဲက အချိန်ပေးရတာများတယ်။ အခန်းဆက်တွေ များတော့ ဒီတခန်းက ရန်ကုန်မှ ာရိုက်ပေမယ့် နောက်တခန်းက နယ်မှာ ရိုက်ရတာတွေ ရှိတယ်။ ဇာတ်လမ်းရဲ့ သဘောတရားကို နောကြေနေဖို့ လိုတာပေါ့။ အနုပညာ ပုံဖော်ရတာချင်းအတူတူ ကြိုးစား အားထုတ်ရတာတော့ အတူတူပဲပေါ့”လို့ ရဲအောင်က ပြောပါတယ်။
ရဲအောင်ကတော့ အနုပညာကိုပဲ လုပ်တတ်တဲ့သူတယောက် ဖြစ်တာကြောင့် ဒီအလုပ်ကိုပဲ ကြိုးစားလုပ်သွားမှာဖြစ်ပြီး ဘယ်အချိန်ထိ လုပ်မယ်ဆိုတာကိုတော့ မမြဲတဲ့အရာ ဖြစ်တဲ့အတွက် မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
You may also like these stories:
“ပုရိသ”ရုပ်ရှင်မှာ ငယ်မူပြန်ပြီး ကတဲ့ ဇာတ်ဝင်ခန်း သရုပ်ဆောင်ထားတဲ့ ရဲအောင်
“သရုပ်ဆောင်တာဝန်ကျေမှ ပရိသတ်ကိုပေးဆပ်ရာရောက်မယ်”
“သား ရွှေကြိုပါလို့ ဒီနှစ် အကယ်ဒမီပွဲ တက်ရမှာ ပိုအဓိပ္ပာယ် ရှိတယ်”လို့ မင်းသူ ပြော
ဂျူနီယာချစ်ကောင်းအတွက် အများကြီး ကြိုးစားပေးသွားမယ့် အစ်မဖြစ်သူ အိမ့်ချစ်