မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ အမှုဆောင်များ ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့တဲ့ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်များရဲ့ သားသမီးများထဲမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲဟာ ယခုနှစ်မှာတော့ ထူးချွန်သူ နည်းပါးသွားတယ်လို့ ရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ဦးအေးကြူလေးက ပြောပါတယ်။
“စာရင်းတွေကတော့ အတိအကျမသိတော့ဘူး။ ဟိုတုန်းကတော့ ဒီထက့် များတာတော့ အမှန်ပဲ။ ဒီနှစ်မှာတော့ ဂုဏ်ထူးရတဲ့သူ နည်းသွားတယ်။ ၁ ဘာသာကို ၁ သိန်းစီ ပေးတယ်။ ဒီနှစ်က ၄ ယောက်ပဲ နည်းသွားတယ်။ ပါတာကလည်း ၃ လွှာပဲ ပါတယ်။ ဇာတ်ပို့၊ ဇာတ်ရံရယ်၊ စက်မှုရယ်၊ တည်းဖြတ်ရယ် သူတို့သားသမီးတွေပေါ့”
“ဇာတ်ပို့၊ ဇာတ်ရံကိုဆိုရင် ကိုလူချောအဖွဲ့က ၁ သိန်း သက်သက် ချီးမြှင့်တယ်။ အစည်းအရုံးကတော့ ၁ ဘာသာ ၁ သိန်းစီပဲ။ ကျောင်းသုံးပစ္စည်းတွေနဲ့ ချီးမြှင့်တယ်”လို့ ဦးအေးကြူလေးက ပြောပါတယ်။
ဂုဏ်ထူးနဲ့ အောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူများကို ၁ ဘာသာလျှင် ငွေကျပ် ၁ သိန်းစီ ချီးမြှင့်ခဲ့ပြီး ကျောင်းသုံး ပစ္စည်းတွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
“နောက်တခုက ပညာသင်စရိတ် ထောက်ပံ့ကြေး ကျောင်းအပ်ခံနီးမှာ ၁ ခါပေးတယ်။ ဗလာစာအုပ်တွေဘာတွေ ပေးတယ်။ အခုက ပညာရည်ချွန်ဆု ပေးတယ်ပေါ့။ နှစ်တိုင်း အဲ့နှစ်ခု အမြဲပေးပါတယ်။ အစည်းအရုံးဝင် သားသမီးတွေအတွက် လုပ်တာပေါ့”လို့ ဦးအေးကြူလေးက ဆိုပါတယ်။
အဆိုပါ ပညာရည်ချွန်ဆုပေးခြင်းကိုတော့ ၂၀၀၄ ၊ ၂၀၀၅ ခုနှစ်လောက်က စတင်ပေးအပ်ခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက် ပေးလာခဲ့သည်မှာ နှစ်များစွာကြာခဲ့ပြီ ဖြစ်ပါတယ်။
“၁၅ ကြိမ်လောက် ရှိပြီ။ ၂၀၀၄ ၊ ၂၀၀၅လောက်ကတည်းက နှစ်စဉ် ကျင်းပနေတာ။ ခေတ်အဆက်ဆက်အမှုဆောင်တွေက ပြောင်းသွားပေမယ့် ရှေ့က လူတွေလုပ်တဲ့အတိုင်း နောက်ကလူတွေက ဆက်လုပ်တာ။ အချိန်တွေ တော်တော်ကြာသွားပြီ။ ပညာသင်ထောက်ပံ့ကြေးဆိုရင်လည်း ကြာသွားပြီ”လို့ သူက ပြောပါတယ်။
အခုလို ဆုချီးမြှင့်ခြင်းဖြင့် ဒီကလေးများက အနုပညာကို ဝါသနာပါတဲ့ ပညာတတ်များစွာ ဝင်ရောက်လာပါက ရုပ်ရှင်လောကကြီး တိုးတက်လာမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“တဖက်တလမ်းကလည်း ရစေချင်တာပေါ့။ ဒီထဲက သားသမီးတွေက ရုပ်ရှင် ဝါသနာပါရင် ပညာတတ်တွေလောကမှာ ဝင်လာမယ်ပေါ့။ ဒါမှလည်း ကျနော်တို့ လောကကို အကောင်းဆုံး ကြိုးစားလာနိုင်မယ်ပေါ့။ အဲ့လို ရည်ရွယ်ချက်တွေရယ်၊ သူတို့အနေနဲ့ ကြိုးစားချင်စိတ် ရှိအောင် နောက်နှစ်တွေလည်း ဒီထက်ပိုပြီး ကြိုးစားချင်လာအောင်ပေါ့”လို့ ဦးအေးကြူလေးက ပြောပါတယ်။
ဒါ့အပြင် ရုပ်ရှင်အစည်းအရုံးမှ လောကသားများအတွက် တခြားသော ပေးအပ်မှုများကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“သင်္ကြန်ဆိုရင် အလုပ်တွေ နားကြတယ်။ သင်္ကြန်မတိုင်ခင် တပတ်လောက်ကြိုပြီးတော့ သင်္ကြန်အတွင်း အထောက်အကူရအောင် ဆန်တွေ၊ ဆီတွေ၊ ငါးသေတ္တာတွေ အဲဒါတွေ ပေးတယ်။ တခြားဟာတွေတော့ မပေးဘူး။ တခြားကတော့ ပြေတီဦးဖောင်ဒေးရှင်းကနေ ကျောင်းသားတွေကို မွေးထုတ်ပေးနေတာတွေ ရှိတယ်”လို့ ဦးအေးကြူလေးက ပြောပါတယ်။
ဒီနှစ်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်များရဲ့သားသမီးများထဲမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကိုတော့ ဒီကနေ့၊ စက်တင်ဘာလ ၃ ရက်နေ့၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။